1

480 44 7
                                    

ဒီလိုနေရာမှာ သူဘာလုပ်နေတာလဲ။

တိမ်စိုင်များအပြည့်ဖုံးထားပြီး မရွှင်မပျနဲ့ထိုင်းမှိုင်းနေသည့် ညကောင်းကင်အောက်တွင် စုခိရှီမ ဆူဘရု တစ်ယောက် ခိုက်ခိုက်တုန်အောင် ချမ်းနေခဲ့သည်။ ရူးမိုက်လှတဲ့ သူ့ဆုံးဖြတ်ချက်ကို နောင်တလည်း စရနေခဲ့လေပြီ။

တစ်နာရီခွဲခန့်ကြာအောင် လေယာဉ်စီးလာပြီး ဟော့ကိုင်းဒိုးကိုရောက်လာခဲ့ပေမယ့်၊ သူရောက်နေသည်က နေရာမှန်ဆိုပေမယ့်လည်း သူအဆင်မပြေသလို ခံစားနေရသည်။ လမ်းပျောက်နေသလိုမျိုးပင်။

အမှန်တော့ သူက သူ့‌မွေးရပ်မြေဖြစ်တဲ့ ယာမဂူချိ ကို ပြန်ရမည်ဖြစ်သည်။

ဆူဘရုသူ့အလုပ်ကနေ ပြုတ်ခဲ့တဲ့ တစ်ချိန်တည်းမှာပဲ သူ့ကောင်မလေးနဲ့လည်း ပြတ်စဲခဲ့ပြီး နေစရာအိမ်ပါပျောက်ခဲ့ရသည်။ သူ့မိဘတွေက သူ့ကို 'မိဘအိမ်ပြန်လာလို့ ရပါတယ်'ဟု ပြောလာသည့်အခါ သူ့အိမ်‌ဟောင်းက ပစ္စည်းတွေကိုပဲ မိဘအိမ်ကိုအရင်ပို့လိုက်ကာ သူကတော့ ဘာပစ္စည်းမှ များများစားစားမယူတော့ဘဲ လေဆိပ်သို့ဆင်းခဲ့သည်။

ယခုတော့ သူက အေးမြလှသည့် ချီတိုဆဲ ၏လေထုအောက်တွင် ရပ်နေခဲ့လေပြီ။

"ချမ်းလိုက်တာ.."

မျက်နှာချင်းဆိုင်မှလာနေသည့် အေးစိမ့်စိမ့်လေထုကို ရှောင်ရန်အတွက် သူခေါင်းငုံ့လိုက်တော့ လေထုက သူ့ဆံပင်တွေကို တိုးဝှေ့ပွတ်တိုက်သွားသည်။ သူ့ဆံပင်တွေ အရမ်းကိုရှည်နေပြီဆိုတာကိုလည်း သူသတိပြုမိလိုက်သည်။ ဘယ်တုန်းကမှ ဆေးမဆိုးခဲ့ဖူးတဲ့ သူ့ဆံပင်အနက်ရောင်တွေက ဘယ်တုန်းကမှလည်း ဒီလောက်ထိရှည်မနေခဲ့ဖူးပေ။

နက်မှောင်နေသည့်မျက်ဝန်းတွေနှင့် ဒီဆံပင်အနက်ရောင်များကြောင့် သူ့ပတ်ဝန်းကျင်ကလူတွေက သူ့အသက်အရွယ်နှင့်ပတ်သက်ပြီး အထင်မှားတတ်ကြသည်။ သူ့အလုပ်မှာဆို အထက်လူကြီး‌တွေသာမက သူ့ထင်အငယ်တွေကပါ သူ့ကိုနှိမ့်ချပြီး ဆက်ဆံတတ်တာကြောင့် သူအမြဲစိတ်ညစ်ခဲ့ရသည်။ ဒါပေမယ့်လည်း အဲ့တာတွေကို သူကိုယ်တိုင်ကကို လျစ်လျူရှုထားခဲ့သင့်တာပါလေ။

ကြယ်စင်တွေခူးဆွတ်မယ် Where stories live. Discover now