ဆူဘရုတစ်ယောက် ကျောင်းမှ နက္ခတ္တဗေဒအသင်းကို ဝင်ပြီးပြီးချင်းမှာပဲ ကျောင်းက ယဉ်ကျေးမှုပွဲတော်ပြုလုပ်တဲ့အချိန်နှင့်တိုက်နေခဲ့သဖြင့် သူလည်းမနားခဲ့ရေပ။ နှစ်တိုင်းဆိုသလို ကျောင်း၏နက္ခတ္တဗေဒအသင်းက နက္ခတ်တာရာပြခန်းတစ်ခုကို ကိုယ်တိုင်ဖန်တီးပြီးတော့ ကျောင်းမှာရှိသည့် အကြီးဆုံး ရုပ်မြင်သံကြားပြခန်းထဲမှာ ပြသထားလေ့ရှိတတ်သည်။ ပြခန်းထဲ၌ အမှောင်ချဖို့သုံးသည့်လိုက်ကာတွေနှင့်အတူ သူတို့အသင်း၏နက္ခတ်တာရာအတုဖန်တီးမှုများကို အခန်းဧရိယာသုံးပုံနှစ်ပုံခန့်ပြည့်နေအောင် ပြသထားတတ်သည်။ ကျန်သည့်နေရာလွတ်တွေမှာတော့ နှစ်စဉ်နှစ်တိုင်းမတူညီသည့်လက်ရာတွေအသစ်များကို ထည့်သွင်းပြဖို့အတွက်ချန်ထားလေ့ရှိသည်။
ဒီနှစ်တော့ ထိုနေရာလွတ်တွင် နေအဖွဲ့အစည်းထဲမှဂြိုဟ်များ၏ပုံစံငယ်များကို မျက်နှာကျက်မှတွဲလောင်းချပြီး ပြသထားဖို့စီစဉ်ထားသည်။ အာကာသထဲမှာရှိသည့် ကြယ်၊ဂြိုဟ်၊ ဥက္ကာပျံများနှင့် နဂါးငွေ့တန်းများ၏ ဓာတ်ပုံများကို နံရံမှာကပ်ထားပြီး ထိုအရာများအကြောင်းကိုရှင်းပြဖို့ကတော့ ပထမနှစ်ဖြစ်သည့် ဆူဘရု၏တာဝန်ဖြစ်သည်။
သူတို့နက္ခတ္တဗေဒအသင်း၏ နက္ခတာရာပြခန်းက တစ်ရက်ကို ပြပွဲငါးကြိမ်ပြုလုပ်ဖို့စီစဉ်ထားပြီး တစ်ခါကိုမိနစ်သုံးဆယ်ကြာမည်ဖြစ်သည်။ ဒုတိယနှစ်သမားများကတော့ ပြပွဲလာကြည့်သူများကို တင်ဆက်ရင်း ရှင်းပြဖို့တာဝန်ယူထားရသည်။ ယခုဆိုလျှင်ပဲ ပရိုဂျက်တာမှတဆင့် ပြပွဲကစတင်နေပြီဖြစ်သည်။
မကြာသေးမှီအချိန်အထိတောင် ပြခန်းထဲမှာလူသိပ်မရှိပေမယ့် နက္ခတ်တာရာပြပွဲလည်းစတင်လိုက်တာနှင့်တပြိုင်နက် အခန်းထဲမှာ လူအပြည့်ဖြစ်သွားသည်။ အားသွားပြီဖြစ်သည့် ဆူဘရုလည်း ဘေးနားကထိုင်ခုံတစ်လုံးကိုဆွဲယူပြီးထိုင်လိုက်ရင်း မျက်နှာကျက်မှတွဲလောင်းကျနေသည့် နေအဖွဲ့အစည်းကိုကြည့်နေတော့သည်။ နေအဖွဲ့အစည်းပရောဂျက်ကိုလုပ်ခဲ့တာက တတိယနှစ်ကကျောင်းသားတွေဖြစ်ပြီး ဂြိုဟ်လေးတွေကသေးပေမယ့်လည်း အသေးစိတ်နှင့်လှလှပပဆေးခြယ်ထားတာကိုတွေ့ရသည်။ ထိုဂြိုဟ်အတုလေးများကို တစ်နေကုန်ထိုင်ကြည့်နေရတောင် ငြီးငွေ့သွားမည်ဟု သူမထင်မိ။ ကျောင်းဝန်းထဲဆင်းပြီး ယဉ်ကျေးမှုပွဲတော်ကိုသွားကြည့်မည့်အစား ဂြိုဟ်တွေကိုထိုင်ကြည့်နေဖို့ပဲ ဆူဘရုစိတ်ဝင်စားသည်။ ဂျူပီတာဂြိုဟ်ကို ဆေးခြယ်ထားတာဘယ်သူများပါလိမ့်ဟု သူတွေးမိနေတုန်းမှာပဲ တံခါးခေါက်သံသဲ့သဲ့ကထွက်ပေါ်လာသည်။ ဆူဘရုနေအဖွဲ့အစည်းဆီကနေအကြည့်ခွါလိုက်ရင်း တံခါးဘက်ကိုလှမ်းကြည့်လိုက်မိသည်။ တံခါးက မှန်တဝက်ပါတာကြောင့်အပြင်ဘက်ကလူကိုလှမ်းမြင်ရသည်ပင်။
YOU ARE READING
ကြယ်စင်တွေခူးဆွတ်မယ်
General Fictionအလုပ်ပြုတ်သွားပြီးတဲ့နောက်မှာ ချစ်သူနဲ့လည်း ပြတ်စဲသွားခဲ့ပြီးတော့ "ကြယ်တွေကြည့်ချင်တယ်" ဆိုတဲ့ အတွေးနဲ့ ဘာအစီအစဉ်မှမရှိပါဘဲ Hokkaido ကိုရောက်လာခဲ့တဲ့ Subaru အထက်တန်းကျောင်းသားဘဝကတည်းက Subaru ကိုတစ်ဖက်သတ်ချစ်နေခဲ့ပြီး ကျောင်းဆင်းပွဲလုပ်တဲ့နေ့မှာ ဖွင...