Part 1

16.4K 815 29
                                    


နှောင်ကြိုးပြေချိန်

စားပွဲခန်မကျယ်တစ်ခုလုံး မီးမှိန်မှိန်သာထွန်းလင်းထားလျက် ဧည့်ပရိသတ်အားလုံး၏ အာရုံသည် အလယ်စင်မြင့်ဆီမှ ကပြဖျော်ဖြေမှုထံမှာတည်၏ ။ တူရိယာသံနှင့်အပြိုင် ကြည်လင်လွန်းသော အသံသည်ငြိမ့်ငြိမ့်ညောင်းညောင်း ။ ချိုသာလွန်းသည်မဟုတ် နားထောင်သူကို အလွမ်းဆွေးဓာတ်ကိန်းအောင်းစေမည့် ကရုဏာအသံမျိုး ။ အသံပိုင်ရှင်သည်လည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင် ဟန်ပန်နှော၍ သရုပ်ဆောင်နေသည်ဖြစ်ရာ ထိုဇာတ်ရုပ်တွင် အားလုံးလိုလို မှင်သက်စွာ စီးမျောနေကြသည်ထင်၏ ။ တိတ်ဆိတ်နေကြသည်မှာ အသက်ပင်မရှူကြသလို ။

ယပ်တောင်ဖျားကို လှုပ်ခတ်လေသော သူ့ဟန်ပန် ၊ လက်ဖျားမှ ပဝါစကို သိမ်းယူလိုက်ဟန်က အနုပညာဆန်ဆန် ။ ထို့အပြင် မျက်နှာချေတွေ ဖွေးမှုန်နေအောင် အများအပြားခြယ်သထားသော်ငြား ပြစ်မျိုးမှဲ့မထင်နေတဲ့ သူ့ရုပ်သွင် ။ ထိုအနုပညာဟန်လေးကို မည်သူကမငေးဝံ့ဘဲ နေနိုင်မည်နည်း ။ သူ့ယပ်တောင်ဖျားတွင် စင်အောက်မှ ပုရိသအယ်လ်ဖာအပေါင်း၏ မနောအာရုံတို့ စွဲကပ်သွားသည့်နှယ် ။ သူရယ်လျှင်ပြုံးမိကြသည်။ သူငိုသည့်အခါ ထပ်တူ၀မ်းနည်းကြသည် ။ သူ့မျက်အိမ်တို့ကား ကန်ရေပြင်အလား စိုစွတ်နေချေပြီ ။ ဇာတ်ရုပ်အလိုကျလား ...။ သူ့ခံစားချက်လား ...သူကိုယ်တိုင်သာ သိနိုင်ပေလိမ့်မည် ။

ပြဇာတ်အဆုံးတွင် လက်ခုပ်သံတို့ တသောသောညံနေတော့၏ ။ ပရိသတ်တို့ ချီးမြှင့်သည့် ဆုလက်ဆောင်များစွာတို့ကား စင်ပေါ်သို့ မိုးဖွဲများနှယ် ကျဆင်းလာတော့သည် ။ အထက်တန်းလွှာတို့ ပီသစွာ ကောင်းပေ့ တန်ဖိုးကြီးပေ့ဆိုသည့် အသုံးအဆောင်တွေအများအပြား ။

" ကောင်းတယ် ၊ အကောင်းဆုံးပဲ ၊ရှောင်းကျန့်ကတော့ ရှောင်းကျန့်ပါပဲ ၊ သူ့လောက် ယန်ကွေ့ဖေးကို ပီပြင်အောင်ကနိုင်တဲ့ သူမျိုးမတွေ့သေးဘူး "

ထိပ်ဆုံးကစားပွဲမှာ အကျနထိုင်နေသည့် ပီကင်းမြို့တော်၀န်က လက်ခုပ်တီးလျက်ချီးကျူးသည် ။ တကယ်လည်း ကျေနပ်အားရနေပုံတို့ သူ့မျက်နှာမှာအထင်းသား ။ ရှောင်းကျန့်သည့် ခေါင်းငြိမ့်၍သာ အသိမှတ်ပြုနိုင်သည် ။ ပီကင်းမြို့တော်၀န်နှင့် တစ်ဝိုင်းတည်းထိုင်နေသည့် အမျိုးကောင်းသားတစ်ယောက်နှင့် အကြည့်ချင်းဆုံမိသောအခါ သူဦးစွာ မျက်နှာလွှဲလိုက်သည် ။ ရင်မဆိုင်ရဲသေးဘူးဆိုလျှင် ပိုမှန်မည် ။ခက်ထန်လွန်းတဲ့ သူ့အကြည့်တွေမှာ ဒေါသငွေ့တွေ ကိန်းအောင်းနေတာ သိသိသာသာ။ ခြေတစ်ဖက်ချိတ်လို့ ဝိုင်ခွက်ကိုတစ်ဖက်ကကိုင်ကာ ကျန်တစ်ဖက်ကဆေးပေါ့လိပ်တစ်လိပ်ကို လက်ကြားညှပ်ထားပုံမှာ အထက်တန်းလွှာက သခင်လေးပီသစွာ ။သူသည် စင်ပေါ်ကပြဇာတ်သမားကို မည်မျှပင်စူးစူးဝါးဝါးကြည့်မိသည်မသိ။ ဆေးလိပ်ကား သူ့လက်ဖဝါးထဲတွင်ကျိုးကြေနေချေပြီ ။

He and the WindWhere stories live. Discover now