Part 6

6.5K 666 14
                                    

ကျော့ကွင်းမိသူ

လေးထောင့်စားပွဲရှည်ရဲ့တစ်ဖက်တစ်ချက်စီတွင် ချွန်းဟွားအဖွဲ့သားများစုဝေးတိုင်ပင်နေကြသည် ။ ခေါင်းဆောင်က ရှောင်းကျန့်ပြဇာတ်ပြန်ကမည်ဟု ဆိုလိုက်သောအခါ အားလုံးလိုလို အံ့အားသင့်သွားကြသည် ။ တစ်ချို့က တီးတိုးတီးတိုးနှစ်ကိုယ်ကြားဆိုနေကြသလို ၊ တစ်ချို့က ဖြစ်ပါ့မလားဟူ၍ စိုးရိမ်တကြီးထုတ်မေးလာကြသည် ။ထိုထဲမှ တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး

" ကျွန်တော်ကတော့ ကန့်ကွက်တယ် ၊ ချွန်းဟွားအဖွဲ့က သူ၀င်ချင်သလို၀င်၊ ထွက်ချင်သလိုထွက်လို့ရတဲ့နေရာမဟုတ်ဘူး၊ထွက်သွားပြီးရင် ပြန်မလာချင်နဲ့ "

သူက ရှောင်းကျန့်ကို မကြည်သလိုကြည့်သည် ။ ထိုသူကား တစ်ခြားမဟုတ် ၊ လျိုဟွေ့ပင်ဖြစ်သည် ။ လျိုဟွေ့သည် ရှောင်းကျန့်ကို မကြည်သူပီပီ ဤကိစ္စကို ကန့်ကွက်မည်မှန်း သူခန့်မှန်းမိ၏ ။

" လျိုဟွေ့ ...၊ ရှောင်ရှောင်းက ဘယ်အချိန်မှာပဲဖြစ်ဖြစ် ငါတို့မိသားစု၀င်ပဲ ၊ ချွန်ဟွားရဲ့အဖွဲ့၀င်တွေက သူတို့အိမ်ရှိရာကို အချိန်မရွေးပြန်လာလို့ရတယ် "

" ဟုတ်တယ် ၊ တို့တတွေ ပြဇာတ်လည်း ကြည့်ရှုသူကျသွားတာကြာပြီ ၊ ရှောင်ရှောင်းသာပါရင် အရင်ကလိုကြိတ်ကြိတ်တိုးနေတော့မှာ "

" ကျွန်မကတော့ ရှောင်ရှောင်းပါရင် ပိုတောင်ပျော်သေး "

" ဟုတ်တယ် ဟုတ်တယ် ၊ ဘာလို့လက်မခံရမှာလဲ ၊ ရှောင်ရှောင်းက တို့အဖွဲ့သားပဲကို "

" တောက် ! ခေါင်ဆောင် ...မတရားဘူး "

ခေါင်းဆောင်ရဲ့စကားနောက်မှာ အားလုံးက တသီတသန်းထောက်ခံကြတော့ လျိုဟွေ့သည် ဒေါသတကြီးရေရွတ်ရင်း နေရာမှထထွက်သွားလေ၏။

" ဒီကလေးက ဘယ်တော့မှ ပြောမရဆိုမရဘူး ၊ စိတ်ထဲမထားနဲ့ ရှောင်ရှောင်း ၊ ငါတို့အားလုံးက မင်းကိုဆို ကြိုဆိုပြီးသားပဲ "

ခေါင်းဆောင်ကတော့ ရှောင်းကျန့်စိတ်မကောင်းဖြစ်မည်စိုး၍ နှစ်သိမ့်ပေးရှာသည် ။ ရှောင်းကျန့် ခေါင်းခါလိုက်၏ ။ လျိုဟွေ့အကြောင်း သူသိနေပြီးသားပဲ ။ ငယ်စဉ်တည်းက ရှောင်းကျန့်နဲ့ အရာရာမှာ လိုက်ယှဉ်ပြိုင်တတ်တဲ့လျိုဟွေ့ ၊ရှောင်းကျန့်ထက်သာမှ ကျေနပ်တဲ့လျိုဟွေ့ ၊ သူသည်လည်း ရှောင်းကျန့်နဲ့မျိုးတူအိုမီဂါတစ်ယောက်ပင် ။ ဖြူဖြူသွယ်သွယ်နဲ့ အတော်ကြည့်ကောင်းသော သွင်ပြင်မျိုးသာဖြစ်၏ ။ သို့သော် လျိုဟွေ့သည် ကျော်ကြားချင်၏။ထို့ကြောင့် ပြဇာတ်မှာအမြဲနေရာကောင်းရတဲ့ ရှောင်းကျန့်ကို မလိုမုန်းထားသည် ။ မောင်နဲ့သူ လက်မထပ်ခင်ကဆို ရှောင်းကျန့်ကို အပိုင်ဖမ်းသူလိုလို ၊ ငွေတွင်းတူးသလိုလိုနဲ့ သွားပုပ်လေလွင့် ‌သတင်းလွှင့်တာလည်း သူပဲ ။ နောက်ပိုင်း မောင်က ရှောင်းကျန့်ကို အတည်တကျလက်ထပ်ယူပါမှ ကောလဟလတွေ လျော့သွားတာဖြစ်သည် ။ ရှောင်းကျန့်ကတော့ မည်သည်ကိုမှ ထူး၍ မဖြေရှင်းချင် ။ အချိန်တန်ရင် အမှန်တရားက ပေါ်လာမှာပဲ မဟုတ်လား ။

He and the WindWhere stories live. Discover now