ပင်လယ်နဲ့တူသော
မောင့်မျက်လုံးတွေက ပကတိကြည်လင်နေတဲ့ရေပမာ ငြိမ်သက်လွန်းနေပြန်၏ ။ တူကို ကိုင်ထားသည်မှ စ၍ ဟင်းချိုသောက်သည်အထိ မောင့်ရဲ့လှုပ်ရှားမှုတွေက ပိရိသေသပ်လွန်းလှသည် ။ ဒီနေရာ ဒီထမင်းဝိုင်းနဲ့ အကျွမ်းတ၀င်ရှိနေတဲ့ လူတစ်ယောက်လို ပုံမှန်အတိုင်း စားသောက်နေနိုင်သည် ။ မဖိတ်ခေါ်ဘဲ ဒီအိမ်ကို သူ့သဘောအတိုင်း ရောက်လာသည့်အပြင် သူ့စိတ်တိုင်းကျပြင်ဆင်သေးသည် ။ အဘွားကတော့ မောင့်ကို ကြည်ဖြူနေသည် ။ရှောင်းကျန့်ကျန်းမာရေးအတွက် မောင့်ကိုနေခွင့်ပြုလိုက်တာလို့ ပြောပေမယ့် ရှောင်းကျန့်ဘ၀င်မကျပါ ။ အခုလည်း ညစာထမင်းဝိုင်းမှာ ဟန်မပျက်စားနေနိုင်သေးသည် ။ ဖန့်ဖန်နဲ့ ချိုးယွဲ့ကတော့ မောင့်ကို ရှိန်တာကြောင့် အသံပင်မထွက်ကြဘဲ တိတ်ဆိတ်နေကြသည် ။ မောင်က အရမ်း မျက်နှာပြောင်တိုက်ရာမကျလွန်းဘူးလား ။သူ့မှာ အာဏာရှိသည်ဆိုတိုင်း ထင်တိုင်းကြဲနေတာ ...
" ကျွန်တော် ၀ပြီ "
တူကိုချလိုက်တော့ မောင်က သူ့လှုပ်ရှားမှုတွေကို ရပ်၍ ရှောင်းကျန့်ကို ကြည့်သည် ။
" ဘယ်လောက်မှလည်း မစားဘူး ရှောင်ရှောင်း "
" တော်ပြီ အဘွား ၊ ဘယ်လိုမှစားမ၀င်ဘူး "
မောင့်ကို ခပ်စူးစူးကြည့်ပြီး ပြောလိုက်တာဖြစ်သည်။ အရာမယွင်းသော ရှောင်းကျန့်ပန်းကန်ကို တစ်ချက်ကြည့်ပြီး မောင့်မျက်ခုံးတွေ စုကြုံ့သွားတာ မြင်လိုက်ရသေးသည်။ ထို့နောက် ထမင်းဝိုင်းကနေ ရှောင်းကျန့်အရင်ဆုံး ထထွက်လာခဲ့သည် ။
ရှောင်းကျန့်ထသွားပြီးနောက် ဖန့်ဖန်နဲ့ ချိုးယွဲ့လည်း တစ်ယောက်ကိုတစ်ယောက်အသာလက်တို့ကာ ထသွားကြလေသည် ။ သူတို့လည်း ဒီအေးစက်နေတဲ့လေထုမှာ အသက်ရှူမှားမှာကိုပင် စိုးရိမ်နေကြရသည် ။ ထမင်းစားပွဲမှာ ၀မ်ရိပေါ်နဲ့ အဘွားနဲ့သာကျန်ခဲ့တော့သည် ။
" ကဲ အဲ့ဒါသာကြည့်ပါတော့ ၊ ရှောင်ရှောင်းက ကလေးကျနေတာပဲကွယ် "
၀မ်ရိပေါ်နေရမခက်စေရန် အဘွားက ခပ်ပြုံးပြုံးလေးရေရွတ်သည်။ အဘွားက အသက်ခုနှစ်ဆယ်ကျော်လောက်ရှိမည် ထင်ရသည် ။ သို့သော် ပြည့်ပြည့်ဖြိုးဖြိုးနဲ့ သန်စွမ်းတုန်းပင်ဖြစ်သည် ။ ဇရာရဲ့ အမှတ်အသားတွေကြောင့် ပါးရေတွန့်နေသော ပါးပြင်ဟာ အိကျနေပြီး အဘွားပြုံးလိုက်သောအခါ လှုပ်ခတ်သွား၏ ။
YOU ARE READING
He and the Wind