ဦးတည်နေတဲ့မျက်ဝန်းအတွက် နေရာမရှိ
ကောင်းကင်ကြီးနဲ့ တစ်ဆက်တည်းထိစပ်နေသလိုမျိုး
တစ်ပြင်တည်းရှိနေတဲ့ ကမ်းမမြင် လမ်းမမြင်
ပင်လယ်ပြင်မှာပဲ တစ်စုံတစ်ဦးကိုတော့
သူ့ကို နားလည်စေချင်ခဲ့တယ်။"မင်းကမနာခံတဲ့ ကျားနာလေးပဲ"
အဲ့ဒီ့မျက်ဝန်းတောက်တောက်တွေကိုကြည့်ရင်း
ထပ်မံလို့ပြောတဲ့စကားကို သူလျစ်လျူရှုပစ်တယ်။"နာခံတဲ့သူတွေကို လူတွေကချီးကျူးတတ်ကြလား။
ဘယ်သူ တစ်ဦးတစ်ယောက်ကြောင့်နဲ့များ
ငါကစကားနားထောင်ပေးရမှာတဲ့လဲ။"သူ့ရဲ့စကားတွေကို နားမလည်ဟန်မပြပါပဲ
ဦးတည်နေတဲ့စကားလမ်းကြောင်းကို
ဖွင့်ပေးခဲ့ပြန်တယ်။"မင်းရဲ့ဘဝတစ်လျှောက်လုံး
သူများစကားတွေနားထောင်တတ်ခဲ့ပုံပဲ"အဲ့ဒီ့လူဟာလေ သူ့ကိုစိတ်ရှုပ်စေတာပဲ။
"လူတွေကသိပ်ခက်တယ်။
သူတစ်ပါးဘဝကို ခြယ်လှယ်ရဖို့
သိပ်ကို အရေးတယူရှိနေကြတာပဲ။""တစ်ချို့အရာတွေဟာလည်း
သိပ်ကိုအရေးတယူရှိချင်စရာကောင်းတာကိုး။"သူ့ရဲ့မျက်ဝန်းတွေထဲကို တည့်တည့်စိုက်ကြည့်ကာ
ဆိုလာတဲ့သူဟာ သိပ်ကို အတင့်ရဲလွန်းတယ်။အဲ့ဒီ့အကြည့်ကို မခံနိုင်တော့တဲ့သူဟာ
ခြေထောက်တွေ ပျော့ခွေမကျရုံတမယ်ပါပဲ။"အဟက် ဖြစ်နိုင်ပါတယ်လေ"
သူ့လက်ထဲမှာရှိနေတဲ့စီးကရက်ကို
နှုတ်ခမ်းမှာတေ့ကာ အရှေ့ကိုတိုးတယ်။သူ့လက်ထဲကမှာကိုင်ထားတဲ့
မီးခြစ်ဆံဗူးလေးကို မေးငေါ့ပြလိုက်တဲ့အခါ
အလိုက်တသိပဲ မီးညှိလို့ပေးလာပြန်တယ်။မီးစွဲသွားတဲ့အခါ စီးကရက်အငွေ့တွေကို
သူ့မျက်နှာရှေ့ မှုတ်ထုတ်လိုက်တယ်။သူကိုယ်တိုင်သောက်တာမျိုးမဟုတ်ပဲ
စီးကရက်အငွေ့တွေကြားထဲကနေ
တွန့်ချိုးနေတဲ့မျက်ခုံးတို့နဲ့
အဲ့ဒီ့ မျက်နှာဖွေးဖွေးဟာ
အကြည့်မလွှဲပစ်ချင်စရာပဲ။