ဓားမော့ခုနှစ်ကွက်ကို တစ်ကွက်တည်း ပေါင်းစည်း၊ ဂိုဏ်းထဲသို့ ဝင်ရောက်ခြင်း၊ မြစ်ကို ဓားမော့တစ်ကွက်ဖြင့် ဖြိုခွဲခြင်း။
ကျင့်စဥ်များ၏ ဖွဲ့စည်းပုံသည် ၎င်း၏ အုတ်မြစ်က သေချာသောအဆင့်တစ်ခုအထိ ရောက်သည့်ပေါ် မူတည်နေသည်။ ကျင့်စဥ်အတွင်း သိုင်းကွက်များပေါင်းစည်းမှုသည် တစ်ကွက်တည်းအဖြစ် ပေါင်းစည်းသွားပြီးနောက် ပေါင်းစည်းလိုက်သည့်တစ်ကွက်က ပိုအစွမ်းထက်လာတော့သည်။
ယဲ့ရှောင် ယခုလေ့ကျင့်နေသော ဓားမော့ခုနှစ်ကွက်ကျင့်စဥ်က အခြေခံခုနှစ်ကွက်အဖြစ် ခွဲခြားနိုင်ပြီး သူ့အတွက် တစ်ပေါင်းထဲပေါင်းစည်းရန် လုံလောက်နေပြီ ဖြစ်သည်။
" ဓားမော့ကျင့်စဥ်ရဲ့ ပေါင်းစည်းမှုအတွက် ဝိညာဥ်လှည့်ပတ်မှု လိုအပ်တယ် ... စာကြည့်တိုက်ထဲမှာ တခြားသူတွေ သတိမပြုမိဖို့ ရှောင်ရှားရမှာက ခက်ခဲတာပဲ ... "
ယဲ့ရှောင်က တွေးဆနေပြီးနောက် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။
ယခုအချိန်တွင် ကောင်းကင်က မလင်းသေးပေ။ ကျန်းဟိုင်တစ်မြို့လုံးက အမှောင်ထုထဲ ရောက်နေ၏။
" ငါမှတ်မိတာ မှန်မယ်ဆိုရင် ဒီစာကြည့်တိုက်နောက်မှာ မြစ်တစ်စင်းရှိတယ် ... ပြီးတော့ လူလည်း နည်းတယ် ... ငါ့အတွက် အလုပ်ဝင်ဖို့ကလည်း စောပါသေးတယ် ... ဒီတော့ ... "
ယဲ့ရှောင်က တံခါးပိတ်ကာ ပြတင်းပေါက်မှ ခုန်ချကာ စာကြည့်တိုက်ထဲမှ ထွက်သွားတော့၏။
သူ ဤလောကသို့ ရောက်လာချိန်မှစပြီး ယဲ့ရှောင် စာကြည့်တိုက်ထဲမှ ထွက်ခွာတာ ပထမဆုံးအကြိမ် ဖြစ်သည်။
လမ်းက အလွန်ရှင်းလင်းနေ၏။ မလှမ်းမကမ်းတွင် လမ်းမီးတိုင်အောက်၌ သန့်ရှင်းရေးလုပ်နေသော သန့်ရှင်းရေးဝန်ထမ်းတစ်ဦးသာ ရှိသည်။
သူက ချူးခရိုင်ရှိ ရှောင်လင်သိုင်းကျောင်းတော်မှ တံမြက်စည်းလှည်းသည့် ကျင့်စဥ်တစ်မျိုးကို ကျင့်နေပုံရသည်။ ယဲ့ရှောင်သည် ထိုအကြောင်းကို စာအုပ်ထဲတွင် ဖတ်ခဲ့ဖူး၏။ ယင်းက အခြေခံဝန်ထမ်းကျင့်စဥ်၏ ပြောင်းလဲမှုတစ်မျိုး ဖြစ်သည်။
အေးမြသောလေပြေက တိုက်ခတ်လာပြီး သူ့ကို အနည်းငယ် ကျော့စိမ့်သွားစေ၏။ သူ မလှုပ်ရှားရသေးခင် ကျင့်စဥ်က အသက်ဝင်လာပြီးနောက် ဝိညာဥ်စွမ်းအားတို့က သူ၏ ခန္ဓာကိုယ်ထဲ လှည့်ပတ်သွားကာ သူ့ကို အအေးဒဏ်မှ ချက်ချင်းကာကွယ်ပေးလိုက်၏။
လက်ရှိတွင် ယဲ့ရှောင် ကျင့်ကြံနေသော အတွင်းအားနှလုံးသားကျင့်စဥ်တွင် အခြေခံနှလုံးသားကျင့်စဥ် နှစ်မျိုးရှိသည်။ တစ်ခုက နှလုံးသားအာဟာရဖြည့်ကျမ်းဟု ခေါ်သည်။ နောက်တစ်မျိုးကမူ ဝိညာဥ်စွမ်းအင် စုပ်ယူခြင်း သိုင်းဟု ခေါ်၏။
ဝိညာဥ်စွမ်းအား စုပ်ယူသည့်အရှိန်က သာမန်မျှသာ ဖြစ်သော်ငြား ကူးယူသည့်ဗားရှင်းက များပြားလွန်း၏။ အချိန်တိုအတွင်းတွင် သူက အဆင့်မြင့်သော နှလုံးသားကျင့်စဥ်ကို မြင့်တင်ရန် မစုဆောင်းနိုင်ခဲ့ပေ။ သူက အသက်ရှူထုတ်ကာ ခြေထောက်များ အနည်းငယ်လှုပ်ရှားလိုက်၏။ သူ၏ ခန္ဓာကိုယ်က မြစ်ဘက်ခြမ်းဆီသို့ စတင်ပြေးသွားတော့၏။
ယဲ့ရှောင်၏ အရှိန်က နှေးသည်ဟု သတ်မှတ်၍ မရပေ။ သူသည် ကိုက်ငါးဆယ်အကွာရှိ ကား၏ အရှိန်ကို ရောက်နိုင်ပေသည်။
သူ၏ လှုပ်ရှားမှုကျင့်စဥ်က သာမန်ဖြစ်နေသောကြောင့် ဖြစ်သည်။ သူက ယင်းက အဆင့်မြင့်ကျင့်စဥ်တစ်ခုအဖြစ် ပေါင်းစပ်နိုင်ခဲ့မည်ဆိုလျှင် တစ်ချက်ခုန်ရုံဖြင့် တစ်မိုင်ကျော် သို့မဟုတ် ဆယ်မိုင်ကျော် အကွာအဝေးကိုတောင် ရောက်သွားနိုင်သည်။
သူ့နားရှိ မြင်ကွင်းက လျင်မြန်စွာ ပြောင်းလဲနေ၏။ မြစ်သည် စာကြည့်တိုက်နှင့် အနည်းငယ်သာ ဝေးသောကြောင့် ယဲ့ရှောင်အဖို့ မြစ်ဘေးသို့ရောက်ရန် အချိန် သိပ်မယူလိုက်ရပေ။
မြစ်ဘေးရှိရေများက မငြိမ်မသက်ဖြစ်နေပြီး မြစ်ဘက်ခြမ်း၌ ပေါင်းပင်များ ပေါက်ရောက်နေသည်။ ခေတ်မှီမြို့တစ်မြို့နှင့် နှိုင်းယှဥ်လျှင် ယင်းက ကွဲပြားခြားနားသည့် မြင်ကွင်းတစ်ခုဖြစ်နေ၏။
မြစ်က ပေခုနှစ်ရာခန့် ကျယ်ဝန်းသည်။ ကြီးသည်ဟု မဆိုသာသော်ငြား ယင်းက မြစ်လက်တက်တစ်ခုသာ ဖြစ်သည်။ ယင်းက စမ်းချောင်းကြီးတစ်ခုဟုပြောလျှင် ပိုသင့်တော်မှာပဲ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုရှေ့၌ ယဲ့ရှောင်၏ ပိန်သွယ်သွယ်ခန္ဓာကိုယ်က ပုရွတ်ဆိတ်တစ်ကောင်နှင့် မခြားပေ။
မြစ်တစ်ဖက်ကမ်းရှိ ကျန်းဟိုင်မြို့၏ အကြီးမားဆုံးသိုင်းကျောင်းတော်က ယဲ့ရှောင်၏ မိခင်ကျောင်းတော်လည်း ဖြစ်သည်။ ထိုထက် ကျန်သည့်အဆောက်အအုံများ မရှိပေ။ ထို့ကြောင့် သူ့ကို မည်သူမှ သတိပြုမိမှာ မဟုတ်ပေ။
ယဲ့ရှောင်က အတွေးများကို ဖယ်ရှားလိုက်ပြီးနောက် ဓားမော့ကျင့်စဥ်၏ ပထမအစုံကို စတင်ထုတ်ဖော်လိုက်သည်။
ဓားမော့ကျင့်စဥ်ကို စုစည်းရန်နည်းလမ်းတွင် အစဥ်လိုက်ဆင့်ကဲပြောင်းလဲရန်အတွက် အခြေခံဓားမော့ကျင့်စဥ် ခုနှစ်မျိုးကို လိုအပ်သည်။
ယဲ့ရှောင်သည် ဓားမော့ကျင့်စဥ်ကို ထုတ်ဖော်လိုက်သည်နှင့် မမြင်ရသောဓားမော့သည် ဝိညာဥ်စွမ်းအားမှ သိပ်သည်းလာပြီး သူ၏ လက်ထဲတွင် ပေါ်ပေါက်လာပေ၏။
သတ္တမအဆင့်နှင့် အထက်ကိုရောက်ပြီးသည့် သိုင်းပညာရှင်များသည် သူတို့၏ ကိုယ်ပိုင်ခုခံမှု သို့မဟုတ် တိုက်ခိုက်ရေးလက်နက်အဖြစ် ဝိညာဥ်စွမ်းအင်ကို ထုတ်ဖော်ကာ ယာယီဖွဲ့တည်နိုင်ကြသည်။
လူတစ်ဦး၏ ကျင့်စဥ်က ရှန်းထျန်းနယ်ပယ်သို့ ရောက်သွားချိန်တွင် ဝိညာဥ်စွမ်းအား ထုတ်ဖော်သည့်နည်းလမ်းကို အပြည့်အဝရရှိနိုင်မည်ဟု ဆိုကြသည်။ တစ်ချက်လှုပ်ရှားရုံဖြင့် မိုင်ရာချီအကွာမှ လှမ်းတိုက်ခိုက်နိုင်သည်။
ယဲ့ရှောင်၏ ကျင့်စဥ်အရှိန်က တဖြေးဖြေးခြင်း တိုးလာသည်။ သူ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းရာချီလည်း ပေါ်ထွက်လာကာ သူသည် လူသားလောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးသဖွယ် ထင်မှတ်ရစေ၏။ ခြင်များစွာကလည်း အလင်းကြောင့် ဆွဲဆောင်ခံလိုက်ရပြီး တဝှီဝှီရောက်လာကြတော့သည်။ သို့သော် ယဲ့ရှောင်၏ ဆယ်မီတာအကွာအဝေးအတွင်း ရောက်လာသည့်အချိန်တွင် သူတို့က အပိုင်းပိုင်းအစစဖြစ်ကုန်ပြီး မြေကြီးပေါ် ပြုတ်ကျကုန်၏။
မြေပြင်ပေါ်တွင် ခြင်အလောင်းများ ပုံသွားတော့သည်။ ထိုစဥ် ယဲ့ရှောင်ခန္ဓာကိုယ်အတွင်းရှိ ဆယ်မီတာခန့် ဧရိယာက မရေမတွက်နိုင်သည့် ဓားသွားများဖြင့် အပြည့်အဝလွှမ်းနေပြီး တောက်ပနေသော ဓားနယ်မြေတစ်ခုကို ဖွဲ့တည်လိုက်သည်။ တစ်ချိန်ထဲတွင် ယဲ့ရှောင်၏ ခန္ဓာကိုယ်အတွင်းရှိ ရွှေရောင်စာအုပ်ထဲရှိ အခြေခံဓားမော့ကျင့်စဥ်များရှိသည့် စာမျက်နှာခုနှစ်မျက်နှာပေါ်၌ စကားလုံးကြီး ခုနှစ်လုံး ပေါ်လာပေ၏။ သူတို့သည် ကျင့်စဥ်စာမျက်နှာတစ်ခုစီ၏ အက္ခရာအလိုက် ပေါ်လာလေသည်။
ဆွဲ၊ လှည့်ပတ်၊ ပိုင်းဖြတ်၊ ခုတ်ထစ်၊ ဖြိုခွဲ၊ သိမ်းကြုံး၊ ဖျက်ဆီး။
ယဲ့ရှောင်သည် အခြေခံဓားမော့ကျင့်စဥ်တစ်ခုကို လေ့ကျင့်ပြီးသည့် အချိန်တိုင်းတွင် စာမျက်နှာပေါ်တွင် စကားလုံးတစ်လုံး ရေးပြီးပြီ ဖြစ်သွားသည်။
နောက်ဆုံး စကားလုံးဖွဲ့တည်ပြီးသည်နှင့် စာမျက်နှာခုနှစ်မျက်နှာက တစ်ခုထဲအဖြစ် ပေါင်းစည်းသွားကာ ပြိုင်ဘက်ကင်းအစွမ်းထက်သော ဖြုန်လောက်သည့်ကျင့်စဥ်တစ်ခု ဖွဲ့တည်လိုက်တော့သည်။
အစွမ်းထက်လွန်းသော ဓားမော့။
ဖုန်း ...။
ရွှေရောင်စာအုပ်သည် မြေငလျင်အသေးစားလေးတစ်ခု ပေါ်ထွက်လာပြီးနောက် ဧရာမစက်ကြီးတစ်ခု ဖွင့်လိုက်သည့်သဖွယ် ပိုတောင် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါလာတော့သည်။
ယဲ့ရှောင်က ပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်းခံစားမိသည်။ သူ၏ ကျင့်စဥ်အရှိန်သည် ယခင်က သေးသွယ်သော ရေပိုက်ကို စီးဆင်းနေသော ရေသဖွယ်ဖြစ်နေသော်ငြား ယခု အချိန်တွင်မူ သတ်နိုင်သည့်အဆင့်သို့ ရောက်နေပြီဖြစ်သော ဖိအားပြင်းရေအမြောက်နှင့် တူနေပေသည်။
ကျင့်စဥ်၏ လှည့်ပတ်မှုကြောင့် သူ၏ အခြေခံစိတ်ကျင့်စဥ် နှစ်မျိုးကလည်း မြန်မြန်ဆန်ဆန် ပြောင်းလဲနေ၏။ ယခုအချိန်တွင် ယဲ့ရှောင်၏ အချိန်အတော်ကြာ တင်းကျပ်နေခဲ့သည့် ကျင့်ကြံခြင်း ပိတ်ဆို့မှုက နောက်ဆုံးတွင် ချိုးဖျက်တက်နိုင်သွားကာ ရှန်းထျန်းနယ်ပယ် ပထမအဆင့်သို့ ရောက်သွားသည်။
ဂိုဏ်းထဲဝင်ခြင်း။ ( အဆင့်တက်ခြင်းအား ဆိုလို )
" ငါက ဂိုဏ်းဝင်သွားပြီ ... "
ယဲ့ရှောင်၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် လင်းထိန်လာတော့သည်။ သူသည် ဖာသိဖာသာ နေတက်သည့်သူ ဖြစ်သော်ငြား ထိုကဲ့သို့ ကြီးမားသည့် အဖြစ်အပျက်နှင့် ကြုံရချိန်တွင် အနည်းငယ်တောင် စိတ်မလှုပ်ရှားရန်က မဖြစ်နိုင်ပေ။ လောကဓံတရားကို ကြံ့ကြံ့ခံနိုင်သည့် အဆင့်ထိရောက်အောင် မကျင့်ကြံရသေးပေ။
ယခုအချိန်တွင် ယဲ့ရှောင်က ပုရွက်ဆိတ်တစ်ကောင်သဖွယ် မခံစားရတော့ချေ။ သူ၏ ခန္ဓာကိုယ်က အရွယ်အစားမပြောင်းလဲသွားသော်ငြား သူ၏ သိမြင်နားလည်မှုက မီတာတစ်ရာကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထိုခံစားချက်က အာရုံခံမှုများကို တိုးမြင့်လိုက်သည့်အချိန်တွင် အမြင်၊ အကြား စသည်ဖြင့် သူ၏ အာရုံခံမှု အားလုံးက မိုင်ချီအကွာတွင်ရှိသော အရာအားလုံးကို သိမြင်နိုင်တာပဲ ဖြစ်သည်။
တစ်ချိန်ထဲတွင် ဝိညာဥ်စွမ်းအင်ကလည်း အင်မတန်အစွမ်းထက်လာပေ၏။
" ချီရှန်းတစ်ယောက်ရဲ့ သက်တမ်းက ဆယ်စုနှစ်အနည်းငယ် ဒါမှမဟုတ် နှစ်တစ်ရာကျော်တောင် တိုးလာတယ်လို့ ကြားထားတယ် ... ကြည့်ရတာ မမှားတဲ့ပုံပဲ ... "
ပျော်ရွှင်ကြည်နူးသွားကာ ယဲ့ရှောင်က လှည့်ထွက်သွား၏။ ယဲ့ရှောင်က ဘယ်ညာကြည့်လိုက်လေသည်။ အနားတွင် မည်သူမှ မရှိတာကို တွေ့သည့်အခါ သူ့ရင်ထဲ၌ တိုက်ပွဲဝင်လိုစိတ်တို့ ဆူပွတ်လာလေ၏။
သူ့ရှေ့ရှိ မြစ်ကိုကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအားများကို အစွမ်းကုန်လှည့်ပတ်ပြီးနောက် အစွမ်းထက်လွန်းသော ဓားမော့ကို ထုတ်ဖော်လိုက်၏။
ဓားမော့မှ ရွှေရောင်အလင်းသည် သူ၏ လက်ထဲမှ ရုတ်တရက်ပြန့်ကားလာပြီးနောက် ကောင်းကင်ထဲသို့ တက်သွားတော့၏။ မျက်တောင်တစ်ခက်အတွင်း ပေတစ်ထောင်အကွာအထိ ကြီးလာကာ မှောင်မည်းနေသောကောင်းကင်ကို ခွင်းလျက် မြစ်ကို လင်းထိန်သွားစေ၏။
ပြီးနောက် ယဲ့ရှောင်၏ ဓားမော့က မြစ်ပေါ်ကျသွားတော့သည်။ ရွှေရောင်အလင်း ဖျတ်ခနဲ ပေါ်ပေါက်လာပြီးနောက် အနားရှိ ပေါက်ကွဲမှုကို ကြားလိုက်ရသည်။
ဖုန် ...။
မြစ်တစ်စင်လုံးက ချက်ချင်းကွဲထွက်သွားတော့သည်။ မြစ်ရေက ပေခုနှစ်ရာကျယ်ဝန်းပြီး ပေခုနှစ်ဆယ်ခန့်နက်ရှိုင်းသော်ငြား ယဲ့ရှောင်၏ ဓားမော့ကြောင့် ကွဲအက်သွားတော့သည်။ ထိုဖြတ်တောက်မှုသည် မီတာအနည်းငယ်ကျယ်ဝန်းပြီး မြစ်၏ အောက်ခြေသို့ တန်းတန်းမတ်မတ်ရောက်သွား၏။ မြေအောက်ခြေရှိ ရွှံ့များထိတောင် နစ်ဝင်သွားပြီးနောက် ဟတ်တက်ကွဲသွားတော့သည်။
မိုင်ဝက်ခန့် ရှည်လျားသော ပိုင်းဖြတ်မှုသည် မြစ်ဆိပ်မှ တစ်ဖက်ဆီသို့ ပြန့်သွားတော့၏။
" သေစမ်း ... "
ထိတ်လန့်ဖွယ်ကောင်းသောမြင်ကွင်းက ယဲ့ရှောင်ကို ထဆဲမိစေ၏။
" ဒီစွမ်းအားက နည်းနည်းကောင်းလွန်းမနေဘူးလား ... သိုင်းဝတ္ထုတွေထဲမှာတောင် ဒီလိုအကွက်ကို မရေးခဲ့ဘူး ... "
" ဒါက ဓားတစ်လက်ကို သုံးပြီး မြစ်ကိုခွဲလိုက်တာနဲ့ အတူတူပဲ ... ကြောက်ဖို့ကောင်းလွန်းတယ် ... "
သိုင်းပညာရှင်များကို လေးစားသည့်လောကဆိုတာ အံ့သြစရာမရှိပေ။ ထိုစွမ်းအားသည် ခေတ်မှီနည်းပညာစွမ်းအားထက် အဆပေါင်းများစွာ ပိုသန်မာနေ၏။ ယင်းက စိတ်စွမ်းအားကို ထုတ်ဖော်ခြင်းကြောင့်လည်း ဖြစ်ဟန်တူသည်။ ခေတ်မှီနည်းပညာများက ကုန်ကြမ်းမျိုးစုံ အချက်အလက်မျိုးစုံတို့ပေါင်းစည်းပြီး ယင်းကို ဖန်တီးရန်လိုအပ်သည်။ သုံးနိုင်သည့်အရေအတွက်ကလည်း အကန့်အသတ်ရှိ၏။ ဥပမာအနေဖြင့် ဗုံးတစ်လုံးသာရှိလျှင် ယင်းက တစ်ခါပေါက်ကွဲပြီးနောက် ပြီးသွားပြီ ဖြစ်သည်။
ရုတ်တရက် ယဲ့ရှောင်၏ စူးရှသောအာရုံခံမှုက အင်အားစုအချို့ကို ရှာတွေ့သွားသည်။
" ငါ ထုတ်ဖော်ခံလိုက်ရတာလား ... "
သူက မျက်ခုံးပင့်လိုက်ပြီးနောက် ခြေတစ်ချက်စောင့်လိုက်၏။ ပြီးနောက် အနက်ရောင်အရိပ်တစ်ခုအဖြစ် ချက်ချင်းပြောင်းလဲပြီး နောက်ထပ်အရပ်မျက်နှာဆီသို့ ထွက်သွားတော့သည်။
သူ၏ ကျင့်စဥ်သည် ရှန့်ထျန်းနယ်ပယ်သို့ ရောက်နေပြီ ဖြစ်သော်ငြား သူ၏ အရှိန်သည် ယခင်ကထက် အနည်းဆုံး သုံးဆတောင် ပိုမြန်လာသည်။ ဆိုလိုသည်က သူ၏ အရှိန်သည် မိသားစုကားတစ်စီး၏ အကန့်အသတ်နှင့် တူညီလုနီးပါး ရှိနေတာပဲ ဖြစ်သည်။
YOU ARE READING
စာကြည့်တိုက်တာအိုသခင်
Actionno owner, crd ပေးပါတယ်ဗျာ သက်သက်တင်ပေးတာပါ. wattpadမှာ တင်ပေးတဲ့လူရှိရင် ပြောပါ..ပြန်ဖျတ်ပါ့မယ်.please