18

4.8K 191 3
                                    

Always ( Part - 18 )

💌💌💌💌💌💌💌

ထိုနေရာကနေထွက်ပြေးလာခဲ့ပြီး အဝတ်တစ်ထည်၊ ကိုယ်တစ်ခုသာပါခဲ့သည်မို့ မယ့်ဖုန်းကိုရောင်းပစ်လိုက်တော့ ၂သိန်းကျော်ရသည်။
ထိုငွေနှင့်ပဲ မယ်သည် မန္တလေးကိုပြေးလာခဲ့ကာ ရည်ရွယ်ချက်က အဖြူ့ကိုရှာဖို့။
သို့ပေမယ့် မယ်ထွက်ပြေးလာပြီဆိုမှတော့ အဖြူ့နောက်ကိုသာတန်းလိုက်လာမှာ သေချာနေတာမို့ အဖြူ့ဆီသွားလို့လည်းမရပြန်။

"ဂီတ"

ဒုက္ခရောက်နေချိန်မှာ တမ်းတမိသောနာမည်လေး…
ဘာပဲဖြစ်ဖြစ် အတူရင်ဆိုင်မည်ဆိုသော ဆုံးဖြတ်ချက်ဖြင့် မယ် ရန်ကုန်ကိုထွက်လာခဲ့သည်။
ရန်ကုန်မှာ အဆောင်တစ်ခုငှားပြီး ဂီတကိုဆက်သွယ်ဖို့ကြိုးစားပေမယ့် ဂီတရဲ့ဖုန်းက ဘာဖြစ်နေသည်မသိဘဲ စက်ပိတ်ထားသည်ဟုသာပြော၏။

"အဲ့တော့ ရှင်ငြိမ်းရယ် ငါတို့ဆိုင်မှာ Waitressလိုနေတယ် နင်လုပ်မလား"

အခန်းဖော်ဖြစ်သော ရနံ့ကအဖော်စပ်လာတော့ မယ် ဘာလုပ်ရမှန်းမသိဘဲ တွေဝေနေသေးသည်။
ပါလာသည့်ပိုက်ဆံလည်း မရှိတော့သလို အမေ့လက်စွပ်လေးကိုလည်း မရောင်းရက်တာမို့ ကြာရှည်တွေဝေနေချိန်မရှိတော့။

"ကျေးဇူးပါပဲ ရနံ့ရယ် ငါတကယ်ခက်ခဲနေတာ"

"အေးပါ အချင်းချင်းကူညီရမှာပေါ့"

ဤသို့ဖြင့် မယ်သည် waitressတစ်ယောက်ဖြစ်လာခဲ့ပြီး ဂီတဆီအမြဲလိုလိုဖုန်းဆက်ဖြစ်သည်။
အဖြူ့ဆီဖုန်းဆက်ဖို့ သတိရပေမယ့် မင်းထက်ရှိန်ဟာ အဖြူ့ကိုစောင့်ကြည့်နေမှာမို့ မဆက်ရဲ။
Waitressအဖြစ်အလုပ်ဝင်ရင်း ဖုန်းလေးတစ်လုံးပြန်ဝယ်နိုင်လာတော့ ပထမဆုံးဆက်မိသူဟာ အဖေ့ဆီသို့…

"အဖေ သမီးပါ"

"ဘာကိစ္စလဲ"

"အဖေ နေကောင်းလား အမေရော"

"နေလည်းကောင်းတယ် ကျန်းကျန်းမာမာပဲ နင်နောက်ထပ်အရှက်ခွဲရင် ကောင်းကောင်းကြီးခံနိုင်ရည်ရှိသေးတယ်"

"အဖေရယ် သမီးကိုအထင်မလွဲပါနဲ့ သမီးက"

မယ့်စကားကိုနားမထောင်ဘဲ တီခနဲဖုန်းချသွားသံကြောင့် မယ့် တစ်ကိုယ်လုံးတုန်ယင်သွားပြီး လက်ဖျားတွေအေးစက်လာခဲ့သည်။
သို့ပေမယ့် နဖူးပေါ်မှာ ချွေးတွေစီးကျလာခဲ့တော့ ထိုအရာဟာ ဇောချွေးတွေဖြစ်သလားမသိ။

AlwaysWhere stories live. Discover now