Unicodeနေလုံးကြီးကတဖြည်းဖြည်းပျောက်စပြုလာပြီ အဖေကပြန်မလာသေးတော့ ဖိုးသာထူးစိတ်ထဲစိုးရိမ်စပြုလာပြီ။ အရင်ကဆိုဒီအချိန်ပြန်ရောက်ပြီး အမေနဲ့သူ့ဆီက အရက်ဖိုးပြန်လာတောင်းနေကျ။
အဲ့ဒိအချိန်ကိုအခွင့်ကောင်းယူပြီး အရက်ဖြူဆိုင်ကို အမြန်သွားရမှာကို။
ဖိုးသာထူးခြေဖမိုးက သဲဝဲနာကိုတဖျစ်ဖျစ်မြည်အောင်ကုပ်ရင်းစဉ်းစားလိုက်တယ်။ အချိန်ကတော်တော်နောက်ကျနေပြီ အခုမှမထွက်ရင်သူကားစီးဖို့နောက်ကျနေတော့မယ်။ ကားတွေကညနေ ၆နာရီလောက်ဆို မသွားကြတော့ဘူးလို့သူကြားဖူးတယ်။
ဖိုးသာထူးအိမ်နောက်ဖေးဘက်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ အမေကထမင်းချက်ဖို့ထင်းမီးဖိုရင်းအလုပ်ရှုပ်နေဆဲ။
ထိုင်ရာကဖြည်းဖြည်းချင်းထပြီး ခေါင်းအုံးရှိရာနားသွားလိုက်တယ်။ တစ်လှမ်းလျှောက်တိုင်းတကျွီကျွီမြည်နေတဲ့ ဝါးခြမ်းကြမ်းခင်းကြောင့် အမေကဖိုးသာထူးကိုတစ်ချက်လှမ်းကြည့်တယ်။ ပြီးတော့ထင်းမီးဘက်ကိုပြန်လှည့်သွားတော့တယ်။
ဖိုးသာထူးခေါင်းအုံးအပြဲပေါက်လေးကနေ ပိုက်ဆံလိပ်လေးကိုအသာအယာဆွဲထုတ်လိုက်ပြီး ဘောင်းဘီကြားထဲလိပ်လိုက်တယ်။ ပြီးတော့အင်္ကျီ ဘောင်းဘီတစ်စုံလောက်ယူခဲ့ဖို့အတွေးဝင်လာတယ်။
အင်္ကျီယူဖို့ အိမ်အတွင်းထဲကို ခြေသံမမြည်အောင်လျှောက်တော့ အဆင်ပြေပြေပဲ အင်္ကျီတွေခေါက်ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်တွေဆီရောက်လာတယ်။
အိတ်ထဲကအပေါ်ဆုံးမှာမြင်နေရတဲ့ ဖိုးသာထူးဝတ်နေကျ ဂျိုင်းပြတ်အင်္ကျီကိုဆွဲလိုက်တော့ ကြွပ်ကြွပ်အိတ်က တကျွိကျွိနဲ့ထမြည်တယ်။ သူလန့်သွားပြီး အမေ့အသံကိုနားစွင့်ကြည့်ပေမဲ့ ဘာသံမှမကြားတာကြောင့်စိတ်သက်သာရာရသွားတယ်။
နောက်ထပ်အိတ်ထဲကနေသရေကြိုးလျော့နေတဲ့ ဘောင်းဘီတိုတစ်ထည်ကို ဖြည်းဖြည်းချင်းထပ်ထုတ်လိုက်တယ်။ ဒီတစ်ကြိမ်တော့အသံမမြည်တော့ဘူး။
ဖိုးသာထူးအင်္ကျီနဲ့ဘောင်းဘီကိုအလိပ်လေးဖြစ်အောင်ပူးလိပ်ပြီး ချိုင်းကြားထဲညှပ်လိုက်တယ်။ ပြီးတော့စိတ်ထဲကနေ ညီမလေးကိုမှန်းပြီး တစ်နေ့ပြန်လာခေါ်မယ်လို့ ကတိပေးလိုက်တယ်။

KAMU SEDANG MEMBACA
Phoe Thar Htoo
Cerita PendekShort Story _ 12 years old boy and his little chance to escape from his poor life ⚠️ violence, child abuse, self harm