Unicode
"မေမေ လာလေ... ဘာလုပ်နေတာလဲ"
ကြောက်စိတ်ဖြင့် ခြေဖျားလက်ဖျားများပင် အေးစက်နေချင်သော်လည်း မီ မကြောက်နိုင်။ သားနှင့်သမီးလေးကို စိတ်ပူရသေးသည်မို့ ခပ်သွက်သွက်သာ လှေကားထစ်များကို ဆက်နင်းတက်လျှောက်လာလိုက်သည်။ ထိုအမျိုးသမီးက လူလား တစ္ဆေလားထက် ကလေးနှစ်ယောက်၏ လုံခြုံရေးက မီ အတွက်ပိုအရေး ကြီးသည်။
"လာ... ဒီကို... မေမေတို့ အောက်ကိုပြန်ဆင်းကြမယ်နော်"
"ဘာလို့လဲ မေမေရဲ့ ဒီမှာအခန်းတွေအများကြီးပဲ သားနဲ့တူတူပုန်းတိုင်း ဆော့ကြမယ်လေ"
စိတ်မသန့်သည့် ခံစားချက်ကြောင့် ကလေးများကိုခေါ်ပြီး မီ အောက်ကို ပြန်ဆင်းချင်သော်လည်း အဆော့မက်သည့် သားငယ်လေးက မီ စကားကို နားမ ထောင်ချင်။
"နောက်နေ့မှ ဆော့ကြမယ်လေနော်"
ကလေးများကို အန္တရာယ်ပြုနိုင်သည့် တစ်စုံတစ်ယောက်သို့ တစ်ခုခုများ ရှိနေလျှင်ဆိုသည့် အတွေးက ခြောက်လှန့်နေပြီမို့ ဖြစ်နိုင်လျှင် ဤအိမ်ကြီးမှပင် မီ မြန်မြန်ထွက်သွားချင်နေတော့သည်။
"အင်း... ကတိနော် မေမေ..."
မီ ပျက်ယွင်းနေသည့် မျက်နှာကိုမြင်၍လေလားမသိ သားငယ်လေးမှာ မီ စကားကို နားထောင်၏။ သမီးကြီးကတော့ မီစကားကို အမြဲနားထောင်သူပီပီ မီ စပြောကတည်းက ဘေးနားရောက်နေပြီးပြီ။
"ကဲ သွားကြရအောင်နော်... ဖေဖေက အခန်းပြင်ပြီးလောက်ပြီ..."
"ရေး!!! ဖေဖေရေ သားလာပြီ..."
"ဟဲ့ သား... ဖြည်းဖြည်းဆင်း ချော်ကျမယ်"
မီ စကားဆုံးသည်နှင့် လက်တွဲဖြုတ်ပြီး ပြေးဆင်းသွားသည့် သားကို မီ စိုးရိမ်စိတ်နှင့် လှမ်းဟန့်၏။ သို့သော်လည်း သားလေးမှာ မီကိုလှည့်ပင်မကြည့်ဘဲ ပြေးဆင်းသွားခဲ့ပြီ။ ကျန်ခဲ့သည့် သမီးဖြစ်သူကို မီ လှည့်ကြည့်တော့ သမီးက မီကို မော့ကြည့်နေ၏။
"သမီးရော ဖေဖေ့ဆီမသွားဘူးလား"
"ဟင့်အင်း သမီးကမေမေနဲ့ပဲနေမယ်... ဖေဖေက မေမေ့ကို ငိုအောင်လုပ် တယ်... ဖွားဖွားလဲ မကောင်းဘူး..."
VOCÊ ESTÁ LENDO
MIRAGE (Original)
Mistério / SuspenseCan read both unicode and zawgyi. Not Boyslove.