ဂျောင်းဝန်းရဲ့စက်ဘီးလေးဖြတ်သွားနေကျလမ်းသွယ်လေးမှာ သစ်ရွက်ကြွေတို့တစ်လှည့် နှင်းတို့ကတစ်ဖုံ အလှည့်ကျစီနေရာယူပြီးကြပြီ။ နှစ်ချီအောင်ကြာသွားပြီဖြစ်လို့ ဂျောင်းဝန်းက ဂျိတ်ခ်ဟျောင်းကိုမေ့လိုက်ပြီလားလို့မေးရင် ဂျောင်းဝန်းကတော့ ခပ်လေးလေးခေါင်းကိုငြိမ့်ကာအဖြေပေးဖြစ်မည်။
သိပ်မအေးပေမယ့် အစ်မဖြစ်သူအကဲပိုပြီးပတ်ပေးလိုက်တဲ့ မာဖလာကွက်ကျားလေးက ဂျောင်းဝန်းရဲ့လည်ပင်းမှာလိုက်ဖက်စွာရှိနေသည်။ အခုအချိန် သူစိမ်းတစ်ယောက်ယောက်ကို ဂျောင်းဝန်းက တက္ကသိုလ်ကျောင်းသားပါလို့သွားပြောရင် နောက်ဂျွမ်းနှစ်ပြန်ထိုးပြမှယုံမည် ဟု သေချာပေါက်ပြန်ပြောလိုက်နိုင်သည်။
အချိန်စက်ကွင်းတွေရွေ့သွားပေမယ့် ဂျောင်းဝန်းက ပိုချောလာတာကလွဲရင် သူငယ်နှပ်စားကလေးရုပ်ကလေးကပျောက်မသွားသေးပါ။ပထမဆုံးနေ့အတွက် ဂျောင်းဝန်းကစိတ်လှုပ်ရှားနေပေမယ့် ခြေလှမ်းတို့ကတော့ဆန့်ကျင်စွာ အနည်းငယ်နှေးကွေးနေသည်။
သူဦးတည်နေတဲ့နေရာက ဂျိတ်ခ်ဟျောင်းရှိရာ ဆိုးလ်တက္ကသိုလ်ဆီ...။ဂျိတ်ခ်ဟျောင်းက ဆိုးလ်တက္ကသိုလ်ဝင်ခွင့်ရခဲ့တယ်ဆိုတုန်းက ဂျောင်းဝန်းမှာဘယ်လောက်ဂုဏ်ယူလိုက်ရသလဲ။ ပြီးတော့ ဂျောင်းဝန်းကိုယ်တိုင်လဲ ဆိုးလ်တက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် နှာခေါင်းသွေးတောက်တောက်ကျအောင်ကြိုးစားခဲ့ရတယ်ဆိုတာ တစ်အိမ်လုံးအသိ။
တစ်အိမ်လုံးရော အပေါင်းအသင်းတွေရောအကုန်သိကြပေမယ့် ဘယ်သူကမှ "ဂျိတ်ခ်ဟျောင်းနဲ့အတူတူတက်ချင်လို့ အဲ့လောက်ကြိုးစားနေတာလား"ဟု မမေးကြပါ။ မသိတတ်လို့မေးမိတုန်းက မျက်ရည်လည်ရွှဲအောင်အော်ငိုပြီး ငြင်းဆိုခဲ့သည်လေ။ပေးလိုက်တဲ့မေ တ္တာတွေဟာ ပြတ်သားစွာငြင်းဆိုခံခဲ့ရတဲ့အခါ ဂျောင်းဝန်းရဲ့နှလုံးသားမှာ ဒဏ်ရာလေးတစ်ခုအဖြစ် ကျန်ရစ်နေခဲ့သည်။ ဒါကြောင့်ပဲ ဂျိတ်ခ်ဟျောင်းနဲ့နီးစပ်ချင်ပေမယ့် ဂျိတ်ခ်ဟျောင်းရဲ့ပတ်ဝန်းကျင်ထဲတိုးဝင်ဖို့အတွက် ချိတုံချတုံဖြစ်နေရခြင်း။