* ပတ် ချန် ယောလ် *
စာအုပ်ပေါ်မှာချရေးမိတဲ့ နာမည်လေး သုံးလုံး။ ကျွန်တော့်ဘဝရဲ့ ရင်ခုန်သံတွေ အစပြုရာ ထိုလူသားသည် အချိန်တိုင်း အတွေးထဲလွှမ်းမိုးလို့နေသည်။ ဆန့်ကျင်ဘက်ကို ရင်ခုန်တိမ်းမူးတတ်တဲ့အသက်အရွယ်မှာ ကျွန်တော့်နှလုံးသားကတော့ ကိုယ်နဲ့ ထူးမခြားနားတဲ့ ယောက်ျားတစ်ယောက်ကို ရင်ခုန်ခဲ့သည်။ မြင်လိုက်တိုင်း ထိတ်ခနဲ ဖြစ်သွားရတဲ့ခံစားချက်က အနည်းငယ်တော့ ထူးဆန်းသလိုဖြစ်နေပေမဲ့ ကျွန်တော်သဘောကျသည်။
ထိုလူသားကိုလည်း သဘောကျသည်။ သူ့ကြောင့်ဖြစ်တည်လာရတဲ့ ရင်ခုန်သံတွေကိုလည်း သဘောကျသည်။ အချစ်ဆိုတာကို ရှင်းလင်းအောင် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ခြင်းမရှိသေးသော ၁၆ နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်နေပေမဲ့ ကျွန်တော် ပတ်ချန်ယောလ်ကို စွဲလန်းမိသွားတာတော့ သေချာသည်။
"ဂျောင်...ဘာလုပ်နေတာလဲ"
အခန်းတံခါးဖွင့်ပြီး အစ်ကို ယူဂျွန်းဝင်လာတော့ ကျွန်တော် ရေးလက်စ စာအုပ်ကို ပိတ်လိုက်သည်။ ပထမဆုံးရင်ခုန်သံမို့ အများသိအောင် ဖွင့်ပြောရမှာ ရှက်နေမိသလို၊ ကျွန်တော့်စိတ်ဝင်စားမှုက ယောက်ျားတစ်ယောက်ဖြစ်နေသောကြောင့်လည်း ရှက်မိသည်။ တကယ်လို့ အစ်ကိုယူဂျွန်းက ကျွန်တော့်ကို လှောင်ရင် ဘယ်လိုလုပ်မလဲ။
"ဘာမှမလုပ်ဘူး အစ်ကို"
အစ်ကိုယူဂျွန်းက သူပိတ်ထားသည့် စာအုပ်ကို တစ်ချက်လှမ်းကြည့်ပြီးမှ...
"ဦးလေးက ဂျောင့်ကို ခေါ်ခိုင်းတယ်"
အစ်ကို့ စကားကိုကြားပြီးတာနဲ့ ကျွန်တော် မျက်နှာကို ချက်ချင်းဆူပုတ်ပစ်လိုက်သည်။
နှုတ်ခမ်းကလည်း သူ့အလိုလို ထော်ထွက်လာမှာ သေချာပါသည်။ အစ်ကိုက ကျွန်တော့်ရဲ့ ဆူထွက်နေတဲ့ နှုတ်ခမ်းကို လက်နဲ့လှမ်းဆွဲရင်း ရယ်နေသည်။ ကျွန်တော် အဖေ့ဆီ မသွားချင်တာ၊ အဖေနဲ့ စကားမပြောချင်တာကို အစ်ကို သိသည်။အဖေက စည်းကမ်းကြီးသည်။ ကျွန်တော်တို့မိသားစုက မြို့မှာ မြို့မျက်နှာဖုံးလိုဖြစ်နေတော့ အဖေက သူ့ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားလွန်းသူဖြစ်သည်။ သူနာမည်အပျက်မခံသလို သူ့မိသားစုကိုလည်း ပတ်ဝန်းကျင်က ပြောစရာဖြစ်မှာ စိုးရိမ်သူဖြစ်သည်။ ထို့ကြောင့် အမြဲတစေ စည်းကမ်းနှင့် ချုပ်ကိုင်တတ်သည်။ ကျွန်တော်သာမက မေမေပါ ဖေဖေ့စည်းကမ်းအောက်တွင်သာ ရှင်သန်ရသည်။ မေမေကလည်း စည်းစနစ်ကြီးသူမို့ သူတို့ချင်း အဆင်ပြေကြပေမဲ့ လူငယ်ဖြစ်ကာစ ကျွန်တော်ကတော့ လွတ်လပ်မှုကိုသာလိုချင်ပြီး ပျော်ပျော်နေချင်သည်။ အလုပ်ကိစ္စကလွဲလို့ ဘာမှစိတ်မဝင်စားသော အဖေက ကျွန်တော့်ကို စကားပြောဖို့ ခေါ်ခြင်းသည် ဆူစရာကိစ္စ၊ သို့မဟုတ် အမိန့်ပေးစရာ တစ်ခုခုရှိလို့သာဖြစ်မည်။
YOU ARE READING
G A M E ♟️
Fanfictionအရှုံးပေးလိုက်တယ်ဆိုတာ အနိုင်ယူဖို့ နောက်တစ်လှမ်းဆုတ်လိုက်တဲ့သဘောပဲ ♟️ Park Chanyeol X Doh Kyungsoo Unicode + Zawgyi ✨