ပထမဆုံး တွေ့ကတည်းက မင်းက ကိုယ့်ကိုစကားလာစပြောခဲ့တာပဲ။ အခုလည်း ဒီလိုပဲ။ ဘာမှ မဖြစ်သလိုမျိုး.. ပုံမှန်အတိုင်း..မင်းက ကိုယ့်ကို လာပြုံးပြနေပါရောလား။
_________
ဂျယ်မင်းက ဘာမှ မဖြစ်သလိုမျိုး ဂျယ်နိုတို့ဝိုင်းမှာ ဝင်ထိုင်တယ်။ ဂျယ်နိုက အခုထိ ကြက်သေသေနေတုန်း။ ဟယ်ချန်းကပဲ စကားစပြောရတယ်။
"ဂျယ်မင်း ငါတို့မတွေ့တာ တကယ်ကြာပြီကွာ။ မင်းရော အဆင်ပြေလား။ ငါတို့ကတော့ ဒီကို အလုပ်ကိစ္စနဲ့လာတာ။ ငါက ဂျယ်နို့ ကုမ္မဏီမှာ ဝင်လုပ်နေတာ။"
"အင်း..ငါက ဒီမှာနေနေတာ လေးနှစ်လောက်ရှိပြီ။ အခု ငါ့သူငယ်ချင်းနဲ့ ခန ညစာလာစားတာရယ်..ဂျယ်နိုရော?"
ဂျယ်နိုက ဂျယ်မင်းဆီက သူ့နာမည်ခေါ်သံကြားတော့မှ အသိပြန်ဝင်လာတယ်။ ဂျယ်မင်းနဲ့ အကြည့်ချင်းဆုံမိတော့ ဂျယ်နိုကပဲ ပြုံးပြလိုက်ရတယ်။
"အင်း.. ငါလည်း အဆင်ပြေပါတယ်။ အဆင်ပြေနေတယ်လို့ ထင်ရတာပဲ။"
ဂျယ်နို့စကားကို ကြားတော့ ဂျယ်မင်းရဲ့ မျက်နှာပျက်လုနီးပါးပဲ။ ဒါပေမဲ့ ဂျယ်မင်းက ခပ်မြန်မြန် ပြန်ထိန်းလိုက်နိုင်တာမလို့ ဘယ်သူမှ မရိပ်မိလိုက်ကြ။
"အင်း.. ဟုတ်ပြီ။မင်းတို့ ကောင်းကောင်းစားနော်။ ဒီရက်ပိုင်း မင်းတို့အားရင် တွေ့ရအောင်။ မင်းတို့ရော ဘယ်ဟိုတယ်မှာနေတာလဲ?"
ဂျယ်နို ဖြေခါနီးလေးမှာပဲ ဟယ်ချန်းက ဝင်ဖြေတယ်။
"ငါတို့က New Yorker မှာ တည်းတာ။"
"ဟုတ်ပြီလေ။ မင်းတို့ မပြန်ကြသေးဘူးမလား။ ငါနောက်ရက်လောက်ကြ ဝင်လာခဲ့မယ်။ တစ်ခေါက်လောက် တူတူသောက်ရအောင်။"
ဂျယ်နိုက ရုတ်တရက် ဝင်ဖြေတယ်။
" ငါ..သန်ဘက်ခါ ပြန်မှာ။ ဟိုမှာ အလုပ်ကိစ္စတွေ မပြတ်သေးလို့။"
"အင်း.. ဒါဆို ငါမနက်ဖြန်ညလောက် လာခဲ့မယ်လေ။ ရတယ်မလား"
"အင်း မင်းသဘောပဲ။"
စကားဝိုင်းက ပြန်ပြီး တိတ်ဆိတ်သွားပြန်တယ်။ဟယ်ချန်းကတော့ ဂျယ်နို့ကို စိတ်ပူနေတဲ့ မျက်နှာနဲ့။ ဂျယ်မင်းကလည်း ရိပ်မိပါတယ်။ ဂျယ်နိုက သူနဲ့ပြန်တွေ့ရတာကိုနေရခက်မယ်ဆ်ိုတဲ့ အကြောင်း။တိတ်ဆိတ်နေတဲ့စကားဝိုင်းမှာ နေရခက်တဲ့ဟယ်ချန်းကပဲ စကားစဆက်ပြန်ပါတယ်။