Episode 2

698 65 13
                                    

Song recommend : Angel Baby (Troye)

-🍥-

အချိန်အားဖြင့် ညနေ 4 နာရီကျော်။
ညတာရှည်သလို နေဝင်ချိန်ကိုလည်း ရှည်ကြာစွာ ခံစားနိုင်သည့် ဆောင်းတွင်းကာလ...။
အတိအကျဆို ဂျီဆူးမွေးနေ့မတိုင်ခင် တစ်ရက်။

ချိန်းဆိုထားရာကတော့ ဂျောင်ဟန့်အိမ်နားက ဘစ်ကားမှတ်တိုင်။ အပြာဖျော့ဖျော့ ဟူဒီကို ဂျင်းဘောင်းဘီအပြာနုနုနှင့်တွဲဖက်ဝတ်ဆင်လိုက်တော့ နဂိုဖြူသည့်အသားအရေက ပို၍ဖြူနေပါသယောင်။

ဒီနေ့မှပဲ ကားလမ်းကလည်း ပိတ်လွန်းပါရဲ့။ လောနေတဲ့ ဂျီဆူးရဲ့စိတ်က ဂျောင်ဟန့်ဆီကို ဆယ်ခါလောက်အသွားအပြန်လုပ်ပြီးနေပြီ။ အေးစက်မှုနဲ့အတူ ချွေးစေးတွေကပ်တွယ်နေတဲ့လက်ဖဝါးကို ဘောင်းဘီနဲ့ခပ်ကြမ်းကြမ်း ပွတ်လိုက်ပြီး အသက်ကို ပင့်ရှိုက်လိုက်၏။

ဟူး...
ပူပန်မှုတွေကို လေပူနဲ့အတူ လွင့်မြောသွားစေချင်ခဲ့ပေမယ့်လည်း ထူးမခြားနား။

ဘတ်စ်က ရပ်သည်နှင့် ဂျောင်ဟန့်ကိုသာ အပြေးအလွှားရှာမိ၏။ အဝါဖျော့ဖျော့ဟူဒီနှင့် ဘောင်းဘီအဖြူကိုတွဲဖက်ဝတ်ဆင်ထားသည့် ဂျောင်ဟန်က အနူးညံ့ဆုံးသော ပွင့်ချပ်ကလေးလို။ မျက်လုံးတွေစင်းကာပြုံးပြလိုက်သည်မို့ ဆောင်းဦးလေပြည်က သူ့နှလုံးသားထဲအထိ အလည်ဝင်လာ၏။

" အများကြီးစောင့်လိုက်ရလား "

ဂျောင်ဟန်က ထိုင်နေရာကနေ ထမလာသေးသည်မို့ ဂျီဆူးကပဲ ခါးကို အနည်းငယ်ညွှတ်ရင်း မေးလိုက်၏။

" ဟင့်အင်း "

စကားသံအဆုံးမှာ ဂျောင်ဟန့်မျက်နှာထက်နေရာယူလာတဲ့ အပြုံးနုနုလေး။

ဂျီဆူးလက်တစ်ဖက်ကိုကမ်းပေးလိုက်တော့ ဂျောင်ဟန့်လက်ချောင်းသွယ်သွယ်လေးတွေက ယှက်နွယ်လာ၏။ ကားပေါ်မှာ လက်ကိုတစ်ချိန်လုံးနွေးအောင်လုပ်လာခဲ့မိသည်မို့ တော်ပါသေးရဲ့။

" ဘယ်ကိုသွားမှာလဲ "

မျက်ဝန်းလှလှလေးတွေက သိချင်စိတ်ပြင်းပြလွန်းသည်ကြောင့် ဝိုင်းစက်ကာ အရောင်တောက်နေ၏။

The Most Beautiful Day Where stories live. Discover now