ချယ်ရီတွေက မနေ့တည်းက ကမ္ဘာမြေပေါ်ကို တစ်ဖန်အလည်ပြန်ရောက်လာခဲ့ပြန်သည်။ ပန်းနုရောင်လွှမ်းခြုံနေတဲ့ပတ်ဝန်းကျင်က အရင်နှစ်တွေကထက် သာလွန်စွာ လှပနေသည်။ သေချာတွေးကြည့်တော့ ကမ္ဘာကြီးက အရောင်နုလေးတွေနှင့် ပိုလိုက်ဖန်ဟန်ပေါ်သည်။ အထူးသဖြင့် ခရမ်းနုရောင်...။
ကိုယ့်အတွေးနှင့်ကိုယ်ပြုံးလိုက်ပြီးနောက် လိုက်ကာကိုပြန်ချထားလိုက်ပြီး မနက်စားစားရန်ပြင်ဆင်လိုက်၏။ ချယ်ရီတွေက လှပေသော်ငြား လူထူထူက နှစ်သက်ဖွယ်မကောင်းလှ။ ဒါကလည်း အဲ့ဒီလူဆီကရလာခဲ့တဲ့ အကျင့်တစ်ခု။ နွားနို့တစ်ခွက်သောက်အပြီး ဖုန်းကိုဖွင့်အကြည့် တိုက်တိုက်ဆိုင်ဆိုင်စာဝင်လာ၏။
“ ချယ်ရီတွေနဲ့ပုံရိုက်ရအောင်လေ။ လူရှင်းတဲ့နေရာတွေ့ထားတယ် ”
“ နာရီဝက်အတွင်း ထွက်ခဲ့မယ် ”
“ ကျွန်တော် လာခေါ်မယ် ”
" k ”
မနက်စာကို ခပ်မြန်မြန် လက်စသတ်လိုက်ပြီးနောက် အဝတ်အစားလဲဖို့ပြင်လိုက်သည်။ ရွေးချယ်လိုက်သည့် အပြာနုရောင် polo shirt က သူ့အသက်အရွယ်နှင့်တော့ သိပ်မလိုက်ဖက်သလိုခံစားရသော်ငြား အသားအရောင်နှင့်ပနံရလွန်းလှသည်။ နာရီကိုကြည့်တော့ ငါးမိနစ်အလို။
" ကျွန်တော် ရောက်ပြီ။ မပြီးသေးရင် အေးဆေးလုပ်နော်။ မလောနဲ့။ "
တစ်နေ့တစ်ခြား ဒီကောင်လေး ပိုပိုချစ်ဖို့ကောင်းလာတယ်!
ဖုန်းထဲဝင်လာသည့်စာကိုဖတ်ပြီးနောက် ကိုယ့်အတွေးနှင့် ကိုယ်နှစ်ခြိုက်စွာပြုံးလိုက်မိသည်။
ကားထဲဝင်လိုက်သည်နှင့် ခပ်သင်းသင်း ရေမွှေးနံ့က နှာခေါင်းထဲတိုးဝင်လာ၏။
“ ဝေးလား ”
“ အင်း နည်းနည်း ”
“ ဘယ်လိုရှာတွေ့တာလဲ ”
ခါးပတ်ပတ်ပြီးနောက် ဘေးနားကလူကိုသေချာကြည့်မိတော့ ထုံးစံအတိုင်း အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို ဝတ်ထား၏။ ကျိန်းသေပေါက် တံတောင်ဆစ်နားအထိ အင်္ကျီလက်ကို ခေါက်တင်ထားရင်းပေါ့။
YOU ARE READING
The Most Beautiful Day
Fanfictionမျက်ဝန်းတွေကို စူးစိုက်ကြည့်မိတဲ့တစ်ခဏအတွင်းမှာပဲ မင်းကငါ့ရဲ့ထာဝရဆိုတာကို သိခဲ့ရတယ် ။