"အဘရေ..ကျုပ်ပြန်လာပြီဗျို့.."
လူက ခြံထဲကို မရောက်သေးပေမဲ့ အသံက အရင်ဆုံးကြိုရောက်နေပေပြီ။ဦးအာကာလည်း ဆေးလိပ်သောက်နေရင်းမှ ခြံဝအား လှမ်းကြည့်လိုက်တော့ အပေါ်က ဂျင်းအင်္ကျီဝတ်ထားပြီး အောက်ကလည်း ဂျင်းဘောင်းဘီဖြင့်။သားဖြစ်သူအား ကြည့်ပြီး ပြုံးစိစိတောင် ဖြစ်သွားသည်။
"အမလေး..ကျုပ်သားလေးပြန်လာပြီလား.."
အနောက်မှ အမေက ခေါင်းပေါင်းကြီးနှင့် ထွက်လာပြီး အာကာမင်းမြတ်အား ပြေးဖက်သည်။အဘအား ဝမ်းသာအားရဖြင့် အော်ခေါ်လိုက်ပေမဲ့ 'ပြဿနာကောင်ပြန်လာပြီလား..'ဆိုသည့် အကြည့်ဖြင့်ကြည့်ကာ ဟွန်းခနဲမဲ့ပြစ်သည်။
"ကိုအာကာ..ကျုပ်သားလေးကို ကြည့်ပါဦးတော်..မြို့သားကြီးနဲ့ မတူလာဘူးလား.."
"တောသားမြို့တက် ဂျင်းဝမ်းဆက်တဲ့..မင်းသားကိုတွေ့မှပဲ ကျုပ်ဖြင့် ဒီစကားပုံကို ယုံတော့တယ်ဗျို့.."
အဘက ခပ်ရွဲ့ရွဲ့ပြောပြီး သူ့ဆေးလိပ်သာ ပြန်သောက်နေသည်။အာကာမင်းမြတ်လည်း နှုတ်ခမ်းအား မဲ့ပြီး
"ကျုပ်က အဘရဲ့အကိုနေမကောင်းလို့ သွားကြည့်ပေးတာနော်..အဘက ကျေးဇူးမတင်ဖင်လှန်ပြနေတယ်.."
"ဟေ့ကောင်!"
"ကန်တော့..ကန်တော့အဘ..ကျုပ်က သဘောပြောပြတာပါ.."
ဒေါ်မြကတော့ တွေ့တာနှင့်သတ်နေကြသည့် သားအဖနှစ်ယောက်အား ကြည့်ပြီး သက်ပြင်းချသည်။
"ငါ့သား..မင်းလေးဘကော နေကောင်းလားကွဲ့.."
"ကောင်းပါ့ဗျာ..လမ်းတော့မလျှောက်နိုင်တော့ဘူးပေါ့..လေဖြတ်သွားတာဆိုတော့.."
"အေးကွယ်..ငါ့သားနားလိုက်ဦး..အမေငါ့သားအကြိုက်တွေ ချက်ထားပေးမယ်.."
"အဲ့တာကြောင့် အမေ့ကို ချစ်နေရတာ..ဒါနဲ့ အကို့,ကိုကော မတွေ့မိပါလား.."
"ထုံစံအတိုင်း ထန်းရေဆိုင်မှာပေါ့ သားရယ်.."
အာကာမင်းမြတ်လည်း ရယ်ပြီး အပေါ်ကို တက်ခဲ့သည်။အာကာမင်းမြတ်တို့ အိမ်သည် တစ်ထပ်သစ်သားအိမ်လေးဖြစ်သည်။အိမ်နှင့် ကပ်လျက်လုပ်ထားသော ဝါးကွပ်ပျစ်လေးက လှုပ်လိုက်တာနှင့် တဂျွတ်ဂျွတ်။
![](https://img.wattpad.com/cover/329764794-288-k228812.jpg)