"အာကာမင်းမြတ်..မင်းဘယ်သွားနေတာလဲ.."
"ရောက်ရင်သိမှာပေါ့.."
လင်းအမေးအား မဖြေချင်သလိုလို၊ဖြေချင်သလိုလိုနှင့်ပြောသည်။အခုသူမောင်းနေသည့်လမ်းက ရွာကို ပြန်တဲ့လမ်းမှ မဟုတ်ပဲ..။
"ရောက်ပြီ..ဆင်းတော့.."
လင်းပတ်ဝန်းကျင်အား အကဲခတ်ကြည့်မိတော့ အိမ်တွေမရှိ။သစ်ပင်များသာ နေရာယူထားသည်။ငှက်လေးတွေကလည်း တစ်ပင်နှင့်တစ်ပင်ကူးချည်သန်းချည်။
"ဒါဘယ်နေရာလဲ.."
လင်းအမေးကို မဖြေပဲ အရှေ့သို့ ဆက်သွားသည်။လင်းလည်း အရှေ့မှ တောသားနောက်သို့ လိုက်ရတော့သည်။
အရှေ့မှတောသားက ရပ်တော့ လင်းလည်းလိုက်ရပ်မိသည်။လင်းအရှေ့သို့ ကြည့်မိတော့ တောင်အောက်ခြေ၌ ရွာလေးတစ်ရွာ။
"အဲ့တာ ကျုပ်တို့ရွာ.."
"ဒါဆို ငါတို့ရောက်နေတာက တောင်ပေါ်ဘက်ပေါ့.."
"အင်း..ဟုတ်တယ်..ဟိုတစ်ခါတုန်းက ကျောင်းနောက်မှာ ခင်ဗျားလှတယ်လို့ပြောတဲ့နေရာ.."
"တကယ်လှတာပဲ..အစကတည်းက ငါ့ကို လိုက်မပို့ဘူး.."
"ခုလိုက်ပို့ပြီပဲ.."
လင်းထိုတောသားအား မျက်စောင်းထိုးကာ
"ရေတံခွန်နေရာကို လိုက်ပို့ပါလား.."
"နောက်မှသွား.."
"မင်းကလည်း..ရောက်လက်စနဲ့ လိုက်ပို့လိုက်ပါတော့လား.."
လင်းအား ဘာမှတော့ပြန်မပြော။
လေစိမ်းတွေက လင်းမျက်နှာအား ကျီစယ်ကာ ဖြတ်သန်းသွားသည်။လေအဝှေ့၌ သစ်ပင်တချို့က ဘယ်ညာလှုပ်ယိမ်းနေကြသည်။လေတိုက်သဖြင့် လင်း၏ဆံနွယ်နှင့်အဝတ်တွေလည်း လွင့်လျက်။
အာကာမင်းမြတ်ဘေးကလူအား ငေးကြည့်နေမိသည်။အသားဖြူဖြူနှင့်လူကောင်ကတော့ အင်း..သေးတဲ့ထဲတော့ မပါပေမဲ့ အာကာမင်းမြတ်နှင့်ယှဥ်လျှင်တော့ သေးသွားသည်။ပုဆိုးကိုသာ ဆင်မြန်းထားသည့်ထိုလူက နီညိုရောင် ကတ္တီပါဖိနပ်ကို ဝတ်ဆင်ထားသေးသည်။အပြာရောင်T-shitသည် ထိုလူ၏အသားအရည်နှင့် လိုက်ဖက်သည်။
