"ဆရာရေ..ကိုကြီးအာကာက ခေါ်ခိုင်းလိုက်လို့.."
ကိုမြတ်ဇေတို့နှင့် နေ့လည်နားချိန်၌ စကားထိုင်ပြောနေတုန်း ကလေးတစ်ယောက်က အခန်းထဲ ဝင်လာကာ ပြောသည်။
"လာခဲ့မယ်လို့ပြောလိုက်နော်သား.."
ထိုကလေးက ခေါင်းညိမ့်ကာ ပြန်ထွက်သွားသည်။
"ခင်ခင်ရေ...ငါတို့လည်း အဲ့လိုအချစ်ခံချင်လိုက်တာ..နေ့ခင်းတောင် ကျောင်းထိ လိုက်လာတဲ့ ကောင်လေးမျိုး လိုချင်လိုက်တာ.."
"မိပိုးရယ်..တစ်နေ့ပေါ့ဆိုပြီး ဖြေသိမ့်လိုက်စမ်းပါ.."
"ဟာဗျာ..အမတို့ကလည်း..သွားတော့မယ်.."
လင်းအား ဆရာမလေးနှစ်ယောက်မှ ဝိုင်းစနေသဖြင့် ရှက်ရမ်း,ရမ်းကာ အခန်းပြင်သို့ ထွက်လာလိုက်သည်။ဒါတောင် အနောက်ကနေ လှမ်းစနေသေးသည်။
"ကျောင်းထိလိုက်မလာစမ်းပါနဲ့.."
ကွပ်ပျစ်၌ ဝင်ထိုင်ရင်း လင်းဆိုလိုက်သည်။
"ဘာလို့လဲ.."
"သူများတွေ တစ်မျိုးထင်ကုန်မှာပေါ့..ပြီးတော့ ကလေးတွေ မြင်ကုန်ရင် မကောင်းဘူး.."
"ကျုပ်က ဘယ်သူဘယ်လိုပဲ ထင်ထင်,ဂရုမစိုက်ဘူး..ကျုပ်ဂရုစိုက်တာက ကိုလင်းတစ်ယောက်တည်း.."
ရုတ်တရက်နူးနူးညံ့ညံ့စကားတွေ ပြောနေသောကြောင့် လင်းခမျာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။
"ဆေးမှားသောက်ထားတာလား.."
လင်းပြောလိုက်တော့ ထိုတောသားက ခပ်ဟဟရယ်သည်။
"ကျုပ်ကိုလင်းကို အများကြီးချစ်တယ်.."
ဆိုင်းမဆင့်,ဘုံမဆင့်ဖြင့် ချစ်ကြောင်းတွေ ထပြောနေပြန်သည်။
"ငါသိတယ်.."
"တစ်နေ့ကျ ကိုလင်းကို လက်ထပ်မယ်.."
~အဟွတ်~
စိတ်လှုပ်ရှားလွန်ပြီး တံတွေးသီးကာ ချောင်းတောင်ဆိုးသည်။ထိုတောသားက လင်းကျောပြင်အား ပွတ်ပေးကာ
"အဆင်ပြေလား..ချောင်းဆိုးနေတာလား.."
"မ..မဆိုးပါဘူး..ငါသွားတော့မယ်.."
