"တန်ဆောင်တိုင်ပွဲအတွက် ရန်ပုံငွေ ကောက်ခံနေပါပြီနော်..ရွာလယ်မဏ္ဍပ်သို့ အလှူငွေလာထည့်ကြပါရန် အကြောင်းကြားအပ်ပါသည်.."
အာကာမင်းမြတ်၏အသံသည် လော်စပီကာမှ တစ်ဆင့် ရွာထဲသို့ ပျံ့နှံ့သွားသည်။
"ဟေ့ကောင်..အာသီး..မင်းအလှူခံတာ ဘယ်လိုတွေ အော်ပြီးခံနေတာတုန်းကွ.."
သူကြီးက ပုဆိုးမကာ မဏ္ဍပ်စီသို့ လျှောက်လာသည်။
"ဒီလိုပဲအော်တာလေ..ကျုပ်က 'က'ပြီးတော့ အော်ရမှာလား.."
သူကြီးက ဘာမှမပြောချင်တော့သလို အကြည့်ဖြင့် ကြည့်ကာ
"အလှူခံတယ်ဆိုတာ ဆုပေးစကားတွေပြောပြီး ခံရတယ်ကွ..ဘယ်နှယ့်..ခုမင်းက အလှူခံနေတာလား၊ဓားပြတိုက်နေတာလား မသဲကွဲဘူး.."
အာကာမင်းမြတ်လည်း ခေါင်းကုတ်ကာ
"ကျုပ်က အဲ့လိုတွေမှ မပြောတတ်ပဲ..ကျုပ်ခံတတ်သလို ခံတာလေ.."
"ဖယ်..ငါ့ဘာသာငါပဲ ခံတော့မယ်.."
သူကြီးက အာကာမင်းမြတ်လက်ထဲက မိုက်အားဆွဲယူပြီး ဆုပေးစကားတသီတတန်းကြီးပြောတာ အလှူခံနေလေရဲ့..။
* * *
အချိန်တွေ ကုန်ဆုံးလာတာဖြင့် ရွာ'ကထိန်'ပွဲနေ့ကိုတောင် ရောက်ရှိလာပြီဖြစ်သည်။ကိုယ့်ရွာကျောင်းကိုပဲ လှူမှာဖြစ်သဖြင့် မြို့တွေကလို ပဒေသာပင်တွေ သီးမနေတော့။လှူဖွယ်ပစ္စည်းတွေအား ဘုန်းတော်ကြီးကျောင်းသို့ ပို့ကာ တရားနာမည်။ရွာနီးစပ်က လာသည့်လူများအား ထမင်းကျွေးမည်။ညဘက်ပွဲဈေးလေးလုပ်ကာ ရွာရှိဝါသနာရှင်များအား သီချင်းဆိုခိုင်းမည်။ကခိုင်းမည်။ဒါကတော့ ရိုးရာမပျက်သည့် သစ်ပင်တန်းရွာ၏ ကထိန်ပွဲလေးပင်။
"အဘ..ကျုပ်ဟိုနေ့ကမှ မြို့ကဝယ်လာတဲ့ ကတ္တီပါဖိနပ်လေးကော.."
"ဘယ်သိမလဲကွ.."
အဘက ဆေးလိပ်သောက်နေရင်း ပြန်ဖြေသည်။အာကာမင်းမြတ်လည်း စိတ်ရှုပ်ဟန်ဖြင့် ခေါင်းအား ကုတ်လိုက်ပြီး
"ကျုပ်ရေအိုးစင်အောက်မှာပဲ ထားတာပါ..ဘယ်ရောက်သွားလဲမသိဘူး.."
