Unicode
________ပင်လယ်ပြင်ကို ဖြတ်ပြီး ခပ်ဖြူးဖြူး တိုက်ခတ်လာသော လေပြေထဲတွင် သဲမှုန်တစ်ချို့က ရောယှက်ပါလာသည်။ စပ်ဖျင်းဖျင်းဖြစ်နေသော မျက်လုံးတွေကို တဖျတ်ဖျတ်ခတ်ရင်း အင်္ကျီလက်စဖြင့် ဂျောင်ကုပွတ်လိုက်သည်။
ထို့နောက် ရေစိုနေသော အင်္ကျီလက်အနားတွေကို ခေါက်တင်လိုက်ပြီး ငါးအပြည့်ထည့်ထားသော ဝါးပလိုင်းလေးကို လွယ်ကာ အိမ်ဘက်ဆီသို့ ခပ်မှန်မှန်လျှောက်သည်။
"ဒီနေ့တော့ ငါးတွေအပြည့်ဘဲ အဘိုးရေ"
ဝါးပလိုင်းကို ပုတ်ပြရင်း ဂျောင်ကု ဝမ်းသာအားရဆိုသည်။ ငါးများများရတဲ့နေ့ဆို ပိုက်ဆံများများပိုရမည်။ ပိုက်ဆံများများရရင် သူတို့ မြေးအဘိုးနှစ်ယောက် တစ်ပတ်လောက် မကြောင့်မကြ စားသောက်နိုင်မည်။ သံယောဇဥ်တွယ်စရာ များများစားစားမရှိ။ ပြေးကြည့်မှ သည်မြေးအဘိုးနှစ်ယောက်တည်းရယ်။ နှစ်ဝမ်း နှစ်ခါးတည်းမို့ မပူပင်ရ။
"အဘိုး...လုပ်စရာမရှိတော့ဘူးဆိုရင် ကျွန်တော်အပြင် ခဏသွားအုံးမယ်"
မျက်ခုံးမွှေးတွေပင် ဖြူနေပြီဖြစ်သော အဘိုးက ဂျောင်ကုစကားအဆုံးမှာ မျက်မှောက်ကြုတ် ကြည့်လိုက်တာမို့ ရှိရင်းစွဲ အသက်ထက်ပင် ပိုအိုစာသွားသယောင်ရှိသည်။
"ဘယ်ကိုသွားမလို့လဲ"
"ဟိုအနား ဒီအနားပေါ့ဗျာ...အဘိုးကလည်း"
ဂျောင်ကု၏ မရေရာမသေချာသော အဖြေကို အဘိုးက သဘောကျဟန်မရှိ။ အင်္ကျီဂုတ်ပိုးစ ကိုဖမ်းဆွဲကာ အနီးတွင် ထိုင်ချစေသည်။ သည်လို အကွက်မျိုးကို နှောကြေအောင် သိနေသော ဂျောင်ကုက အဘိုးမဖမ်းခင်ကတည်းက လက်တစ်လှမ်းအကွာရောက်အောင် နောက်ဆုတ်လိုက်ပြီးဖြစ်သည်။
လွတ်အောင် မရှောင်နိုင်ပါက အဘိုး ဟောသော တရားကို တစ်နေကုန် တစ်နေခမ်း နားပူအောင်နာရဖို့သာ ပြင်ပေတော့။ အလုပ်တွေကူဖို့၊ ဟိုဟိုဒီဒီ သဝေမထိုးဖို့၊ အရာရာကို မစပ်စုဖို့ ဒါတွေပဲ အပ်ကြောင်း ထပ်နေသည်မို့ ကြာတော့ ဂျောင်ကုခမျာ ထုံနေပြီ။
YOU ARE READING
Once Upon A Time || JINKOOK ✔︎
Fanfictionဟိုးရှေးရှေးတုန်းက အစချီ ဒဏ္ဍာရီထဲက ပုံပြင်လေးဟာ ထာဝရတည်ရှိနေမှာဖြစ်ကြောင်း.....