(၁)

692 24 0
                                    

-တိမ်တွေဝင်လာတတ်တဲ့ ပြတင်းပေါက်-

(၁)
အမြဲငေးနေလည်း တိမ်တွေကတော့ လှနေဦးမှာပဲ။အပြုံးပွင့်လေးအကြောင်းတွေးမိတော့ ဒီနေ့ရောဖူးပွင့်ဖို့ မေ့နေသေးလားလို့ မေးချင်လာတယ်။ လေထုညစ်ညမ်းမှုဟာ နေရာအနှံ့မှာမို့ ပျော်စရာတွေ ညစ်ညမ်းသွားမှာ စိုးရိမ်နေမိတယ်။ ယူတတ်ရင် အရာရာဟာ လှနေမှာပဲမဟုတ်လား အချစ်ရဲ့ ။ကိုယ်က တနေ့တာအတွက် မင်းဂျင်းဘောင်းဘီအိပ်ကပ်ထဲ ကောက်ယူသိမ်းဆည်းထားသမျှ နွေဦးကံကော်ပန်းပွင့်များပဲ ဖြစ်စေချင်တာ။
"သတိတရ အမှတ်တရ မွှေးရှိုက်မိတဲ့အခါတိုင်း
မင်းအပြုံးတွေ စိတ်လိုလက်ရ။"

(၂)
ကြယ်စုံတဲ့ညကောင်းကင်ကိုငေးရင်း သိပ်လှတဲ့အခိုက်အတန့် လေးမို့ သိမ်းယူထားပြီး ချစ်ရသူနဲ့ အတူကြည့်ခွင့်ရရင် သိပ်ကောင်းမယ်လို့ စိတ်ကူးယဉ်ဖူးလား အချစ်။ ဖြစ်နိုင်ရင် လိပ်ပြာတကောင်လို ကိုယ့်ကိုပြုံးရယ်စေတဲ့အကြောင်းအရာမှန်သမျှ မင်းဆီ ပို့ဆောင်ဝတ်မှုန်ကူးချင်တယ်။ပင်လယ်ကမ်းခြေရောက်တိုင်း မင်းကြိုက်မလားတွေးရင်း ကောက်ယူနေမိတဲ့ ခရုခွံတွေလိုပေါ့။ချစ်တတ်လာတဲ့အခါ သူ့အလိုလို အိမ်မက်အသစ်တွေရက်လုပ်​​နေမိမှာ။ပြီးတော့ ရာသီဉတုသာယာတဲ့နေ့တိုင်း လိပ်ပြာတကောင်ဖြစ်ချင်နေမှာ။

(၃)
အဝေးတနေရာက မဆုပ်ကိုင်ဖူးတဲ့ မင်းလက်ချောင်းတွေဆီ စိတ်ရောက်သွားတော့ ကိုယ့်လက်ဖျားတွေ နွေးလာသလိုခံစားရတယ်။ကိုယ်နားလည်ထားတဲ့ ထူးခြားဆန်းကြယ်မှုဆိုတာ ကိုယ်တို့ကြားကရေစက်တွေအလုပ်လုပ်ပုံလို့ပြောရင် ယုံကြည်မလား အချစ်။
အပိုဆုလေးများတောင်းလို့ရခဲ့ရင် ခဏလောက်ဖြစ်ဖြစ် မင်းဆံနွယ်တွေကြား ကိုယ့်အသက်ရှူသံတွေ ထိုးဖွက်ထားချင်တယ်။နောက်ထပ်ရာသီစက်ဝန်းတွေပြောင်းသွားလည်း မင်းဆီရောက်မယ်မျှော်လင့်ရင်း မြေနီလမ်းလေးအဆုံးထိ လျှောက်နေမယ်။လမ်းဆုံးသွားတဲ့အခါ
အစကနေ ပြန်လျှောက်မယ်။

အမြဲတမ်းအတွက်ပါ
"ပြတင်းပေါက်ကနေနောက်တခေါက်ခိုးကြည့်လည်း ရိုးမသွားဘဲ မင်းမျက်ဝန်းတွေ
လှနေဦးမှာ"

#Umesue

လွမ်းတဲ့နေ့Where stories live. Discover now