တိမ်တွေဝင်လာတတ်တဲ့ပြတင်းပေါက်(၂)
သတိရစိတ်ဟာ တမင်တကာလိုက်လံဖမ်းဆုပ်ထားတဲ့ စိတ်ကူးတိမ်မျှင်များ ဖြစ်ပါတယ်။
ဒီထက်ပိုပြီးများနစ်ဝင်သွားတဲ့အခါ စာပို့ဆက်သွယ်သွားမိမလားတွေးရင်း အလန့်တကြား
သိမ်းဖွက်လိုက်ရတဲ့ ခရမ်းရောင်ပန်းပွင့်လေးလည်း ဖြစ်ပြန်ပါတယ်။ ဒီနေ့တော့
ဘယ်လိုအဓိပ္ပါယ်သတ်မှတ်ချက်တွေနဲ့များ သူကိုယ့်ကို မှတ်မိနေလောက်မလဲဆိုတဲ့မေးခွန်းနဲ့ အတွေးတိမ်မျှင်တစ်စရက်လုပ်ခဲ့ပါတယ်။ငယ်ငယ်ကတော့ သူမြတ်နိုးတဲ့ ပန်းလေးတစ်ပွင့် ဒါမှမဟုတ် သူဝတ်နေကြအနက်ရောင်အနွေးထည် စသည်ဖြင့်ဒီလိုသူနှစ်သက်တဲ့အရာတွေခဏလောက်ဖြစ်ဖြစ် ဖြစ်ချင်တယ်လို့ မကြာခဏ စိတ်ကူးယဉ်ခဲ့ဖူးတယ်။တယောက်နဲ့တယောက် မြင်ပုံချင်းမတူတော့ သူ့အမြင်မှာကိုယ်ဟာ မုန်းစရာ စိတ်ရှုပ်စရာများဖြစ်နေမလားတွေးရင်းဝမ်းနည်းဖူးတာလည်း အခါခါပါပဲ။ဒီလိုနဲ့ သတိရစိတ်ဟာ တခါတလေ လူကိုနာကျင်စေတတ်ကြောင်း သင်ယူပြီးတဲ့အရွယ်ရောက်လာတဲ့နောက်တော့ မကြာခဏသတိမရပေးလည်း ရပါတယ်လို့ ကိုယ့်ဆုတောင်းတွေပြောင်းတော့တာပဲ။
တကယ်ဆို အလွယ်တကူမေ့သွားလည်းဖြစ်ပါတယ်လို့ ခဏ,ခဏညာတတ်တဲ့
Forget me notပန်းပွင့်လေးဟာ ကိုယ်ပဲပေါ့အချစ်ရယ်။အချိန်တော်တော်များများ သတိတရရှိနေပေးဖို့ မလိုပေမယ့် ဖြစ်နိုင်ရင် မှတ်ဉာဏ်ထောင့်ချိုးတနေရာမှာတော့ ဝေလငါးတစ်ကောင်အဖြစ် ရှိနေ မှတ်မိစေချင်ပါတယ်။
နာမဝိသေသနအချို့ထပ်ပေါင်းထည့်ခွင့်ရရင် ပျော်ပျော်နေတတ်တဲ့,အငိုလွယ်တဲ့ ပြီးတော့ အချိန်အတော်ကြာမှ မှတ်ဉာဏ်တွေထဲ လာရောက်ကူးခတ်လေ့ရှိတဲ့ ဒီလိုဝေလငါးလေးတစ်ကောင်အနေနဲ့ပါ။
YOU ARE READING
လွမ်းတဲ့နေ့
Poetryလမ်းလျှောက်ရင်း ပန်းတစ်ပွင့် ခူးမိသလို စိတ်ကူးတွေနဲ့စတော်ဘယ်ရီတခင်း ပျိုးသလို ဘာရယ်မဟုတ် ကောင်းကင်ကိုမော့ကြည့်ရင်း တိမ်တွေကို လိုတာထက်ပိုငေးမိသလို ဒီလို စိတ်လိုလက်ရ လွမ်းမိတဲ့နေ့တွေအကြောင်း