"ဟေ့ ဒါက နဒီတို့အိမ်လား"
အိမ်ရှေ့ ဒန်းစင်ပေါ်ထိုင်နေ ကောင်မလေးကို လှမ်းမေးလိုက်တယ်။
ကောင်မလေးက စိတ်အလိုမကျတဲ့ပုံစံလေးနဲ့ ကြည့်နေတယ်။"ဒါ နဒီတို့အိမ်လားလို့"
"ဟုတ်တယ်"
"တို့ နဒီဆီလာတာပါ"
ကောင်မလေးက ခြံတံခါးလာဖွင့်မပေးပဲဆက်ထိုင်နေတယ်။
"မမနဒီ ဧည့်သည်လာတယ်"
အော်သာအော်နေတာ ထိုင်ရာကမထ။ ဘယ်လိုဟာလေးပါလိမ့်။ ကောင်မလေးက ဒန်းစင်ပေါ်ကနေ သူ့ကို လှမ်းကြည့်နေသေးတယ်။ တံခါးကျ လာဖွင့်မပေး။
"ဟယ် လွန်း ရောက်ပြီလား"
နဒီက အပြေးလေးတံခါးလာဖွင့်ပေးတယ်။ ခြံထဲဝင်လာတော့ ကောင်မလေးက သူ့ကို အကြည့်စူးစူးတွေနဲ့လိုက်ကြည့်နေတယ်။
မြလွန်းသစ္စာနဲ့ နဒီလှိုင်းတို့က မေဂျာတူ ဒုတိယနစ်ကျောင်းသူတွေဖြစ်တယ်။ ကျောင်းပိတ်တုန်း နဒီက အင်္ဂလိပ်စာဆရာအိမ်ခေါ်သင်တယ်။ တယောက်ထည်း ဖြစ်နေတော့ လွန်းကိုပါ လာသင်ခိုင်းလို့ အိမ်နဲ့လဲ နဒီတို့အိမ်က သိပ်မဝေးတာနဲ့ လာသင်ဖြစ်တာဖြစ်တယ်။
"ဆရာ မရောက်သေးဘူးမလား"
"အေး မရောက်သေးဘူး ။ စောသေးတယ်"
"ဒါနဲ့ ရှေ့က ကောင်မလေးက ဘယ်သူလဲ"
"ငါ့ညီမ တဝမ်းကွဲလေးပါ။ သူ့အိမ်က သုံးခြံကျော်လေးတင်။ အိမ်မှာ တော့ အနေများတယ်"
"အဆိုးလေးထင်တယ်နော်"
"ဟယ် နင်တော်တော် လူကဲခတ်တော်လာတာပဲ"
နဒီနဲ့ လွန်းတို့ရယ်လိုက်ကြတယ်။"ငါ အိမ်မေးတာကို ပေကပ်ကပ်လေးထိုင်ကြည့်နေလို့လေ"
"အေး တယောက်ထည်းလေးမွေးထားတော့ အဲ့လိုပဲ မနိုင်ဘူး။ သူ့အမေကလဲ သူငယ်ငယ်ထည်းက ဆုံးသွားရှာတာ။ ငါ့ဦးလေးက သူ့သမီးလေးကို သိပ်အလိုလိုက်တာ။ အာ့ကြောင့်အဲ့ကလေးဆိုးနေတာ"
"အော်...."
ဒီလိုကျတော့ သနားစရာလေးပါလား။
YOU ARE READING
BAD GIRL
Short Storyမမကို ချစ်တဲ့ ကလေးဆိုးလေး အကြောင်းပါ။ ပေါ့ပေါ့ပါးပါးလေးပဲ ရေးထားလို့ ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးပါပဲ 😊