[အပိုင်းရှည်တာမို့ စာကြောင်းတစ်ကြောင်းချင်းစီကို သေချာအချိန်ယူပြီးဖတ်ပေးဖို့ အကြံပြုပါတယ်ရှင်]နောက်နေ့မနက် အိပ်ယာကနိုးလာတော့ တန့်တန့်လေးကအရင်ရက်ကလို လုံးဝမငိုတော့ပဲ ပုံမှန်အတိုင်းသူနဲ့ဆော့ကစားလေသည်။ ဂူထဲမှာနေရတာ သူတို့လိုလူကြီးတွေအတွက်တောင် အဆင်မပြေဖြစ်ပေမယ့်လည်း တန့်တန့်လေးကတော့ အီခြင်းဂျီကျခြင်းမရှိပဲ သူ့ပြောစကားကိုနားထောင်ကာ ထားတဲ့အတိုင်းနေလေသည်။ အခုလည်း သူ့ပေါင်ပေါ်မှာထိုင်ကာ ဂူထဲမှာပြန့်ကျဲနေတဲ့သစ်ရွက်ခြောက်တွေနဲ့ ဆော့နေတာကိုကြည့်ရင်း သူ့မှာစိတ်မကောင်းဖြစ်မိသည်။
အားလျန့်က တန့်တန့်လေးကိုမွေးထားတဲ့အဖေအရင်းမဟုတ်ပေမယ့်လည်း သားအရင်းလေးတစ်ယောက်ထက်တောင် ပိုချစ်ပြီးပိုဂရုစိုက်တယ်ဆိုတာ ရွာမှာနေစဥ်အချိန်ခဏလေးအတွင်းမှာတင် သူသိခဲ့ရသည်။ အားလျန့်တင်မက တန့်တန့်လေးကို တစ်ရွာလုံးကချစ်ကြသည်။ ရွာအကြီးအကဲကစလို့ ဒီရွာမှာရှိတဲ့သူအားလုံးက စိတ်သဘောထားကောင်းပြီး ကူညီရိုင်းပင်းတတ်တဲ့သူတွေဖြစ်ကြသည်။ ဒုက္ခရောက်နေတဲ့သူတို့နှစ်ယောက်ကိုလည်း များစွာကူညီဖေးမခဲ့သည်။ အများတကာနဲ့ အဆက်အဆံမလုပ်ချင်လို့ တောနက်ထဲမှာ ဇာတ်မြှပ်ပြီးနေကာမှ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ကြရတာ ရင်နာစရာကောင်းလှသည်။
အခုဆို သူတို့နေခဲ့တဲ့ရွာလေးက ဘယ်ပုံဘယ်အခြေအနေဖြစ်နေမယ်မှန်းမသိ။ ဖြစ်နိူင်မယ်ဆို အဲ့ဒီနေရာကိုသူတစ်ခေါက်လောက်ပြန်သွားကြည့်ချင်သည်။ အသက်ဆုံးပါးသွားသူတွေရဲ့ ရုပ်အလောင်းကို သေချာမြှပ်နှံပေးချင်သည်။ သူတို့ကိုကူညီပေးခဲ့တဲ့သူတွေအပေါ် သူ့ဘက်ကဒီလောက်တော့ပြန်လုပ်ပေးချင်သည်။ ဒါပေမယ့်လည်း အခုချိန်လောက်ဆို ထိုနေရာမှာလုပ်ကြံသူတွေက ပျားပန်းခတ်နေလောက်ပြီမို့ ပြန်သွားကြည့်ဖို့ဆိုတာ မဖြစ်နိူင်မှန်းသိပါသည်။
သူအတွေးလွန်နေရာမှ ပေါင်ပေါ်မှာထိုင်ဆော့နေတဲ့တန့်တန့်လေးက သစ်ရွက်ခြောက်တွေကို လက်သေးသေးလေးတွေနဲ့စုကိုင်ရင်း သူ့ကိုပေးနေတာမို့ သူသဘောတကျပြုံးရင်း ယူလိုက်မိသည်။ သူအခုမှသတိထားမိသည်။ တန့်တန့်လေးရဲ့လက်မှာ အနီစက်လေးတွေထနေသည်။ သူပဲစိတ်ထင်တာလားဆိုပြီး နောက်လက်တစ်ဖက်ကိုယူကြည့်လိုက်တော့ ထိုလက်မှာလည်း အနီအစက်အပျောက်လေးတွေကိုတွေ့ရသည်။ ကြည့်ရတာ မြေကြီးတွေဖုန်တွေကြောင့် ကလေးကယားယံပြီး အလက်ဂျစ်ပေါ်လာပုံပင်။
YOU ARE READING
Dare You Escape?[Completed]
RomanceRun away from me,if you dare... {Present for my special one}