Unicode
"ဘယ်လိုဖြစ်တာလဲ ဟိုက်ခွမ်းကော"
မျက်နှာတွင်ဒဏ်ရာဒဏ်ချက်များစွာဖြင့် ဆေးရုံကုတင်ပေါ်မှာလဲလျောင်းနေတဲ့ အန်ကယ်ဝမ်ကိုကြည့်ရင်း မချိတင်ကဲမေးမိတော့ ဘေးမှာရပ်နေတဲ့ဟိုက်ခွမ်းကောက အလွန်တရာစိတ်မကောင်းဖြစ်နေသောမျက်နှာဖြင့်
"ကောလည်းဖုန်းဆက်မှပဲသိရတာ။ ပုံမှန်ဆိုအန်ကယ်ဝမ်က ဘာပဲလုပ်လုပ်ကောနဲ့တိုင်ပင်နေကြပေမယ့် ဒီတစ်ခေါက်က ဘာမပြောမဆိုနဲ့ထွက်သွားတာဆိုတော့ ကောတောင်သိသိချင်းအံ့သြနေရသေးတာ။ ကောအထင်တော့ ရိပေါ်ကိစ္စနဲ့ပတ်သတ်ပြီး အန်ကယ်ဝမ်ကတော်တော်လည်းစိတ်ထိခိုက်နေပုံပါပဲ"
ဟိုက်ခွမ်းကောရဲ့စကားကြောင့် ဟောက်ရွှမ်းစိတ်မသက်သာစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ရိပေါ်ကိစ္စနဲ့ပတ်သတ်ပြီး အန်ကယ်ဝမ်စိတ်ထိခိုက်နေသည်ဆိုတာတော့ ဟိုက်ခွမ်းကောမပြောလည်းပဲသိနေသည်။ အရင်ကဆို အမြဲတမ်းလူငယ်တွေလိုဖျတ်လတ်တက်ကြွနေတတ်တဲ့အန်ကယ်ဝမ်က အခုတော့ သိသိသာသာကိုပိန်ချုံးသွားပြီး ရိပေါ်သတင်းကြားရဖို့အရေးသာ ရေကုန်ရေခမ်းကြိုးစားနေတာဖြစ်သည်။
ဆရာဝန်ပြောသွားပုံအရ ဒဏ်ရာတွေကအရမ်းမပြင်းပေမယ့် ကိုယ်ခံအားနည်းနေတဲ့အချိန်မို့ အရင်လိုထူထူထောင်ထောင်ပြန်ဖြစ်လာဖို့က တော်တော်အချိန်ယူရမည်ဟုဆိုသည်။ ဒီလိုအချိန်မျိုးမှာမှ တစ်ပြုံတစ်တည်းထဲလာဖြစ်နေတဲ့ကံကိုသာ အပြစ်တင်လိုက်ချင်သည်။ အခုဆို အန်ကယ်ဝမ်ကလည်းသတိပင်ပြန်မလည်လာသေးတဲ့အခြေအနေမို့ ရိပေါ်ကိုအမြန်ပြန်ရှာတွေ့ဖို့က သူ့အတွက်ပိုပြီးတာဝန်ကြီးလာသည်။
ဘယ်လိုပဲဖြစ်ဖြစ် ရိပေါ်ရှိနေတဲ့နေရာကို သူမြန်မြန်သိရမှဖြစ်မည်။ ရိပေါ်ကို သူရအောင်ပြန်ခေါ်လာမည်။ သူအခုလိုမျိုး အေးအေးချမ်းချမ်းအနေအထားဖြစ်အောင် အစစအရာရာထောက်ပံ့ပေးခဲ့တဲ့သူ့သူငယ်ချင်းကို သူကိုယ်တိုင်တွေ့အောင်ရှာမည်။
"အက်စီးဒင့်ဖြစ်တဲ့နေရာအနီးတဝိုက်က စီစီတီဗီတွေရောစစ်ကြည့်ပြီးပြီလားကော"

YOU ARE READING
Dare You Escape?[Completed]
RomanceRun away from me,if you dare... {Present for my special one}