၁၉၃၈၊ သြဂုတ်၁။
ဒုတိယကမ္ဘာစစ်မစခင် ၁၃လအလို။
Ljubljana, Slovenia.
.
.
.Jakeသည် စက်ခေါင်းပိုင်းမှ တပွမ်ပွမ်လွင်လာသော အချက်ပေးသံအား နားစွင့်လိုက်၏။
ယခု သူသည် Dobovaမြို့မှ ထွက်ခွာလာ၍ Ljubljana၌သက်ဆင်းမည့်ရထားရဲ့နေရာလပ်သံတွဲမှာ ခပ်ကျဥ်းကျဥ်းပင်ထိုင်နေသည်။
တစ်ကိုယ်တည်းတော့ မဟုတ်။
နံဘေးတွင် ငယ်ဖော်ငယ်ဖက် သူငယ်ချင်းBenjaminလည်း သံကြိုးဖက်လျက်၊ တရေးတမောအိပ်ကာ ရထားပေါ်၌ လိုက်ပါလာခဲ့သည်။
"ဘန်ဂျမင် မြန်မြန်ထ"
"ဘူတာရောက်တော့မယ်"
ပြာသလဲလဲနိုးလာတဲ့ Benjaminက သူ၏ အငိုက်ဓာတ်မပြယ်သေးသည့် မျက်ဆံနက်များဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်စူးစမ်းလိုက်၏။
လမ်းတစ်လျှောက်မြင်ခဲ့တဲ့အထီးကျန်ဖွယ်ရာ ခြောက်ကပ်ကပ်ဂျုံစိုက်ခင်းတွေအစား၊ပြောင်းလဲနေရာယူလာသည့်မြို့ပြ၏အငွေ့အသက်များထံ နှစ်ဦးသားပြိုင်တူငေးမိသည်။
အရှိန်လျှော့၍ စင်္ကြံ၌ဆိုက်ကပ်ဖို့ပြင်နေသော ရထားနံဘေး၊ ငွေမင်ရောင်ဆံနွယ်လိပ်တွေနှင့် ဟန်ဖို့ထားတဲ့ မိန်းမလှတချို့ ရပ်နေပေပြီ။
ဆေးပေါ့လိပ်အား ပါးစပ်ထဲအတော်ကြာခဲကာ နိုင်ငံပိုင်သတင်းစာကို ဇိမ်ပြေနပြေဖတ်နေတဲ့ လူအိုတချို့သည်လည်း ငုတ်တုတ်ပင်ထိုင်လျက်။
သက်လတ်ပိုင်းအမျိုးသားအနည်းငယ်ကတော့ ရထားပေါ်မှဆင်းလာမည့် ကြင်သူမေတွေကို စောင့်ကြိုသည့်နှယ်။
ရောင်စုံလူထုဟာ သူ့နည်းသူဟန်တွင်တော့ တသားထဲကျကာ တက်ကြွကြပေတော့သည်။
"ဟေ့ရောင် ဂျိတ်ခ်"
မြို့ပြကြီးက ခရီးဝတင်
တယ်မိုက်ချည်လားကွ""ဟုတ်ရဲ့လေ ဘန်ဂျမင်
သိုးတစ်အုပ်ထိန်းရတာလောက်တော့
မရိုးစင်းပေမယ့်ပေါ့"