"နော် ပါပါး ! ကစားကွင်းသွားရအောင်နော် ... ဒယ်ဒီ နော်"
ဆောင်းဟွန်းကိုတစ်လှည့် ဂျယ်ယွန်းကိုတစ်လှည့်ကြည့်ပြီး ပူဆာလာတဲ့ကလေးလေးက ချစ်စဖွယ်အတိ။ ချစ်မွှေးလေးက အပြောလည်းချိုတာမို့ ငြင်းချင်စရာမရှိပေ။
"မင်းမှာအရေးတကြီးသွားစရာရှိသေးလား"
ဆောင်းဟွန်းကတော့ ဒီနေ့တစ်နေ့ကုန်အလုပ်နားထားတာဖြစ်တာမို့ ဘေးကသူကိုလှမ်းမေးရသည်။
ဂျယ်ယွန်းကိုမေးလာသည်မို့ ဆက်နေဖို့ကိုစိတ်ထဲမှာငြင်းချင်နေသော်ငြား ဂျယ်ယွန်းကိုမော့ကြည့်လာတဲ့ကလေးလေးမျက်နှာရော တစ်ဖက်ကလူကြောင့်ရော
မငြင်းနိုင်တော့။"ဟင့်အင်း ... ကိုယ်လည်းမရှိဘူး"
ဂျယ်ယွန်းရဲ့ကော်ဖီဆိုင်သေးသေးလေးကို ဒီနေ့ပိတ်ထားခဲ့တာမို့ အဆင်ပြေတယ်လို့ပြောရမလားပင်။
"ရေး ! ရှယ်ရီတို့ကစားကွင်းသွားကြမယ် !"
ကြားထဲကရှယ်ရီဆိုတဲ့ကလေးမလေးက ဂျယ်ယွန်းတို့ကိုတွဲထားတဲ့လက်လေးတွေဖြုတ်သွားကာ ခုန်ပေါက်ပြီးပျော်နေတော့သည်။
"ကြည်နူးစရာကောင်းလိုက်တာ"
ဘေးနားကဖြတ်သွားသည့်ကောင်မလေးတွေက
ဂျယ်ယွန်းတို့ကိုကြည့်ပြီးပြောသွားခြင်းပင်။ ခုန်ပေါက်နေတဲ့ရှယ်ရီလေးကို သဘောတကျထိုင်ကာကြည့်နေတဲ့နှစ်ယောက်ကိုကြည့်ပြီး မိသားစုလို့ထင်သွားတာဖြစ်နိုင်သည်။ဂျယ်ယွန်းရော ဆောင်းဟွန်းပါ ရှယ်ရီ့ကိုကြည့်ပြီးပြုံးနေရာမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသွားသည်မို့ အိုးတို့အန်းတန်းတွေဖြစ်ကုန်သည်။ ဂျယ်ယွန်းမှာဘလိုင်းကြီး တံတွေးတွေထသီးကာ ချောင်းထဆိုးတော့သည်။
ဆောင်းဟွန်းလည်းသေချာကြီးကြားလိုက်ရတာမို့ နည်းနည်းတော့နေရခက်သလိုဖြစ်သွားသည်။ ချောင်းဟန့်ကာ ဟိုကြည့် ဒီကြည့်လုပ်နေသော်လည်း ဘေးကလူကအသီးမပျက်သေးတာမို့ ဘေးနားကစျေးသည်လေးဆီက ရေတစ်ဗူးဝယ်ကာဖွင့်ပေးလိုက်ရသည်။
"အဟွတ် ... ဟွတ် !"
ရုတ်တရက်ကြီးထသွားတဲ့သူကြောင့် ဂျယ်ယွန်းနဲ့ကလေးကိုလက်လွှဲထားခဲ့တာလားထင်လိုက်ပေမယ့် ရေတစ်ဗူးကိုင်ကာပြန်လာတဲ့သူကြောင့် ဘာပြောရမှန်းမသိတော့ပေ။