ကလေးအုပ်ထိန်းခွင့်ကိုရှေ့နေကနေဆုံးဖြတ်မယ်ပြောခဲ့ကြသော်လည်း တကယ်တမ်းဟုတ်တာမဟုတ်ပေ။ ဆောင်းဟွန်းလည်းပုံမှန်အတိုင်းနေသလို ဂျယ်ယွန်းလည်းအသားကျနေပြီဖြစ်သည်။
တစ်လပြည့်ခါနီးအထိ နေ့လည်ဆိုဂျယ်ယွန်းနဲ့ဆိုင်လိုက် ညဆိုရင် ဆောင်းဟွန်းလာကြို ဒီတိုင်းနေနေခဲ့တာဖြစ်သည်။ ဘာမှစိုးရိမ်စရာမရှိပါပဲ အရာအားလုံး
အစီစဉ်တကျလေးဖြစ်နေသလိုပင်။ဂျယ်ယွန်းနဲ့ ဆောင်းဟွန်းအခြေအနေကလည်း အတိအကျနာမည်တပ်လို့မရတဲ့ အခြေအနေမှာတော့ရှိနေပြီဖြစ်သည်။
"မင်းလုပ်နေတာတွေမှန်တယ်လို့ထင်နေတာလား ဆောင်းဟွန်း"
ဆောင်းဟွန်းရဲ့ဖေဖေက ကုမ္ပဏီကို ဆောင်းဟွန်းလက်ထဲလွှဲပေးခဲ့တည်းက မေမေလည်း ကုမ္ပဏီထိလိုက်မလာတာဖြစ်သည်။ ခုတော့ ပထမဆုံးအကြိမ်ပြန်လာခြင်းဖြစ်သည်။
"မေ ... မေမေ"
"ငါမင်းအမေမှန်းတော့သိသေးလား ပတ်ခ်ဆောင်းဟွန်း"
မေမေ့မျက်နှာကခါတိုင်းလိုချိုမနေတာ ဆောင်းဟွန်းခံစားမိပါသည်။
"ငါမေးတာဖြေစမ်း ဆောင်းဟွန်း ! မင်းလုပ်တာတွေမှန်လား"
ရှယ်ရီလေးကိုမွေးစားထားတဲ့ကိစ္စကိုပြောမှန်း
ဆောင်းဟွန်းသိပါသည်။ တကယ်တော့သက်သက်ကြီးထိန်ချန်ထားတာမဟုတ်ပဲ မသေချာသေးလို့ဖွင့်မပြောသေးတာဖြစ်သည်။ဘာကမသေချာသေးတာလဲဆိုရင်တော့ ဂျယ်ယွန်းအပေါ်ထားတဲ့သူ့စိတ်ကိုပင်။ တစ်လပြည့်တော့မယ့်အချိန်တွင်းမှာ သေချာသုံးသပ်နေတာဖြစ်သည်။ ကလေးအုပ်ထိန်းခွင့်ကိုတစ်ယောက်စီလျှောက်ခဲ့ရင် ဆောင်းဟွန်းတို့ဆက်ပြီးပက်သက်နေစရာမရှိပေ။ ဒီလိုအဖြစ်မခံနိုင်တာမို့ ဇာတ်မျှောအတိုင်းလိုက်နေခြင်း။
"ဖြေစမ်း !"
မေမေ့ရဲ့အသံက ဆောင်းဟွန်းကိုလက်ရှိကိုပြန်ခေါ်လာသည်။
"ဟုတ်ကဲ့ ... သားအတွက်တော့ ရှယ်ရီ့ကိုမွေးစားဖို့ဆုံးဖြတ်ခဲ့တာ နောင်တမရပါဘူး မေမေ"