တစ်နေ့လုံးရဲ့အဆုံး ညရောက်တဲ့အချိန်မှာ တကယ့်ပြဿနာအစစ်ကဖြစ်တော့သည်။
"ဒယ်ဒီရောအိပ်လို့ ! ပါပါးနဲ့အိပ်မှာပါဆို"
အမွှေစိန်လေးရဲ့ပြဿနာစပြီဖြစ်သည်။
ဆောင်းဟွန်းနဲ့ဂျယ်ယွန်းရဲ့သဘောတူညီချက်အရ ကလေးအုပ်ထိန်းခွင့်ကို တစ်ဦးတည်းကအပိုင်မရသေးခင်ထိ တစ်ယောက်တစ်ပါတ်စီ မျှမျှတတအိမ်ခေါ်ထားမည်။ အခုဆုံးဖြတ်ချက်အရ ဂျယ်ယွန်းကပထမဆုံးတစ်ပါတ် ရှယ်ရီလေးကိုအိမ်ခေါ်ထားမည်ဖြစ်သည်။
အခုတော့ ဒါကိုလက်မခံတဲ့ရှယ်ရီလေးက ကားပေါ်ကနေမဆင်းပဲ ခြေဆောင့်ကာဂျစ်တော့သည်။
"ဟင့် ... တူတူအိပ်မှာလို့ !"
"သမီးဒယ်ဒီကအိမ်ပြန်ရဦးမှာလေ သမီးလေးရဲ့"
"ရှယ်ရီတို့နဲ့တူတူအိမ်ပြန်မယ်လို့ ! ဒယ်ဒီလို့ !"
ဂျယ်ယွန်းကပြေရာပြေကြောင်းဝင်ပြောပေမယ့်လည်း မရပေ။
"မနက်ကျ ဒယ်ဒီကလာခဲ့မှာလေ"
"အခု ! အခုတူတူအိပ်ချင်တာလို့ ! ပါပါးနဲ့ရော ဒယ်ဒီနဲ့ရော အိပ်မှာလို့ !!"
ဆောင်းဟွန်းကဝင်ပြောသော်လည်း ဂျစ်နေဆဲပင်။ ပြောလို့မရတဲ့အဆုံး ကလေးတွေအကျင့်အတိုင်းငိုပြီဖြစ်သည်။
"ဟင့် ... ဗြဲ ! တူတူအိပ်မှာလို့ !"
"အိုကေ ! အိုကေ ! သမီးမငိုနဲ့တော့ ! ဒယ်ဒီတို့တိုင်ပင်မယ် !"
ဆောင်းဟွန်းကပြောလိုက်တော့မှ အမွှေစိန်မင်းသမီးလေးက မျက်ရည်တို့သုတ်သည်။
"မင်းဘယ်လိုလုပ်ချင်လဲ"
"အရင်ကတော့ ကိုယ့်ကော်ဖီဆိုင်ကအခန်းထဲမှာပဲအိပ်တာ။ ကလေးတစ်ယောက်ပါလာလို့ကိစ္စမရှိပေမယ့် မင်းပါလိုက်အိပ်ဖို့ဆိုရင်တော့ နေရာကကျဉ်းနေမှာပဲ"
ဆောင်းဟွန်းမေးလာသည်ကို ဂျယ်ယွန်းကလည်း ပွင့်ပွင့်လင်းလင်းပဲဖြေလိုက်တော့သည်။
"ဒါဆို ကျွန်တော့်အိမ်လိုက်ခဲ့လို့အဆင်ပြေလား"
ရှယ်ရီလေးကတော့ လူကြီးတွေစကားဝိုင်းကို မျက်လုံးပြူးလေးနဲ့ နားလည်သလောက်လိုက်နားထောင်နေသည်။