"ရောက် ..."
"ရှုး ..."
ကစားကွင်းကိုရောက်ကြောင်း ဆောင်းဟွန်းပြောမလို့ပြင်လိုက်ပေမယ့် နှုတ်ခမ်းပေါ်ကိုလက်ညှိုးလေး
ဒေါင်လိုက်ဖြတ်လို့ရောက်လာသည်။ ဆောင်းဟွန်းပြောလက်စလည်းရပ်သွားသလို တစ်ဖက်ကလက်ကလေးကလည်း ဖယ်မသွား။ဆောင်းဟွန်းဘေးကိုအကြည့်ပို့လိုက်တော့မှ ထိုကောင်လေးပေါ်မှာအိပ်ပျော်နေတဲ့ ရှယ်ရီလေးကိုတွေ့လိုက်ရသည်။ ဘာမှမပြောတော့ပဲ ခေါင်းငြိမ့်ပြလိုက်တော့မှ လက်ကလေးပြန်ရုတ်သွားသည်။ ဆောင်းဟွန်းခါးပတ်ကိုလည်းအသံမမြည်အောင်ဖြုတ်ပြီးကားပေါ်ကဆင်းလိုက်သည်။
ဆောင်းဟွန်းစိတ်ထဲရှုပ်ထွေးမနေဘူးလို့ပြောရင်လည်း လိမ်ရာကျမည်။ သောက်ခဲတဲ့ဆေးလိပ်ကိုပင်ဝယ်ပြီး ကားနဲ့ဝေးရာထိသွားဖွာနေမိတော့သည်။
တကယ်ဆို ဒီလိုအရှုပ်ထုပ်ကို သူကိုယ်တိုင်ထားခဲ့လို့ဖြစ်သည်။ သို့သော် ကလေးကချစ်မွှေးပါနေတာမို့ မျက်နှာလွဲခဲပစ်လည်းမလုပ်နိုင်။ ကိုယ်တိုင်ကလည်း CEO တစ်ယောက်ဖြစ်တာမို့ ကလေးကို ကောင်းကောင်းမွန်မွန်ပျိုးထောင်နိုင်မည်ဆိုတာလည်းယုံသည်။ တစ်ဖက်ကကောင်လေးကလည် ခုမှသိတဲ့သူဆိုတော့
မယုံကြည်နိုင်သေး။ တော်ကြာ ကလေးကိုရအောင်မွေးစားပြီး ဆောင်းဟွန်းဘက်ကလက်လျော့မျက်နှာလွဲတော့မှ တစ်ခုခုလုပ်ပစ်မှာလည်းစိုးရိမ်သည်။ မဟုတ်လည်း မေမေတို့က ဆောင်းဟွန်းကိုအိမ်ထောင်ပြုခိုင်းနေတာ မျိုးဆက်ပြတ်သွားမှာစိုးရိမ်လို့ပဲဟာ။ဘယ်လိုပဲဖြစ်ဖြစ် ဆောင်းဟွန်းကတော့ ရှယ်ရီလေးကို သေချာပေါက်မွေးစားမည်ဖြစ်သည်။
"အင့် ... ပါပါး ..."
"အင်း ... အင်း ... အိပ်နော် သမီးလေး ... ပါပါးရှိတယ်"
ဂျယ်ယွန်းပေါ်ကကိုယ်လုံးလေးကအသာလွန့်လူးလာတာမို့ ကျောကလေးကိုပုတ်ပေးလိုက်တော့ ပြန်ငြိမ်သွားသည်။ ဒီတော့မှ ဂျယ်ယွန်းလည်း ဖုန်းကိုအသာလေးထုတ်ပြီး ဂျုံဆောင်းဆီကို ဂျယ်ယွန်းအရင်ပြန်သွားကြောင်းစာလှမ်းပို့ရသည်။ ပြီးကျမှ သေချာရှင်းပြလိုက်တော့မည်။