Unicode
Akiraသည် Susieထံသို့ ဆက်သွယ်ကာ ညွှန်ကြားချက်အချို့ပေးလိုက်ပြီးသည့်နောက် Keikoနှင့် စီးပွားရေးအရရော လူမှုရေးအရပါ လုံးဝပတ်သတ်ခြင်းမရှိကြောင်း ထပ်မံကြေညာစေလိုက်သည်။ Daigoတို့ကတော့ အရင်ပြန်နှင့်သွားပြီဖြစ်သော်ငြား ကျန်ရှိနေသည့် Fukumura မိသားစုဝင်များသည် ရှက်လွန်း၍ မျက်နှာမပြရဲကြတော့ပေ။
Ginကတော့ Shiroအနားရောက်လာကာ ဘာလိုအပ်သလဲလာမေးရှာသည်။
"ကျွန်တော်အဆင်ပြေပါတယ်။"
"ပွဲပြီးရင် အချိန်ရတယ်မလား။ ဦးလေးရယ် မင်းဒေါလေးရယ်နဲ့ တစ်ခုခုသွားစားကြရအောင်လေ။"
ထိုအခိုက် Akiraက ဝင်ပြောလာသည်။
"Shiroက နေမကောင်းသေးဘူးဗျ။ ဆေးရုံကဆင်းလာတာမကြာသေးဘူး။ အစာမာတောင်စားလို့မရသေးဘူး။"
ထိုအချိန်မှ Ginတို့လည်း Shiroဆေးရုံတက်ရသည်ကိုသိကာ စိတ်ပူသွားကြလေသည်။
"အခုနေကောင်းသွားပြီလား။"
"ဗိုက်နာနေသေးလား။ ခုဏကမတည့်တာတွေစားလိုက်သေးလား။"
Hanaရော Gin ပါ စိုးရိမ်တကြီး ဝိုင်းမေးကြရာ Shiroခမျာ နေရထိုင်ရပင် ခက်လာတော့သည်။ သူ့ကိုထိုကဲ့သို့ လူအများကြီးက ဝိုင်းဂရုမစိုက်ကြဖူးပေ။
"အာ... ကျွန်တော်အဆင်ပြေပါတယ်။ ဒီနေ့စားရတာတွေကလည်း တော်တော်များများက ကျွန်တော်နဲ့တည့်တာတွေချည်းပဲ။"
Hanaက ပြောလာသည်။
"ဒါဆို တို့စွပ်ပြုတ်ဆိုင်ပဲသွားရအောင်လေ။ ရာသီဥတုက အေးနေသေးတာပဲကို။ ခေါက်ဆွဲဆိုင်သွားလည်းမဆိုးဘူး။ အနောက်တိုင်းအစားအစာဆိုင်လည်း ကောင်းတာပဲ။"
Ginကရယ်ရင်း ပြန်ပြောလာသည်။
"Hanaကတော့ ဆိုင်ကောင်းတွေအကုန်သိနေတဲ့ပုံပဲ။ Akiraရော လိုက်ခဲ့ပါလား။"
Ginက ခေါ်တာကြောင့် Akiraမှာ အားတုံ့အားနာဖြစ်သွားရသည်။ သူလိုက်ခဲ့လို့မရပေ။
"ကျွန်တော်က မိသားစုနဲ့အတူ ညစာစားပွဲလေးရှိသေးလို့ပါဗျာ။ တကယ်အားနာပါတယ်။"
YOU ARE READING
အချစ်ဆုံးသို့
RomanceAkiraသည် ဝတ္ထုထဲမှ ဗီလိန်တစ်ဦးကို ချစ်မြတ်နိုးခဲ့သည်။ ထိုဗီလိန်သေဆုံးသွားချိန်တွင်တော့ သူနာကျင်ခံစားခဲ့ရသည်။ သူပြောချင်ခဲ့သည်။ သူသာဆိုလျှင် ထိုလူသားကို အပျော်ရွှင်ဆုံးသူဖြစ်အောင် ထားပေးနိုင်ပါသည်ဟူ၍။ တကယ်မတည်ရှိသော ထိုလူသားကိုချစ်မြတ်နိုးရင်း သူမခံ...