Part-28

75 4 16
                                    

Unicode

လုပ်ငန်းစုတစ်ခုပြိုလဲလာလျှင် ထိုလုပ်ငန်းစု၏ ပိုင်ဆိုင်မှုကို အခြားလုပ်ငန်းစုများက ဝါးမြိုကြသည်မှာ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စမျိုးဖြစ်သည်။ ကိုယ်ပိုင်စည်းစိမ်နှင့် တည်ဆောက်ထားသော လုပ်ငန်းများမဟုတ်ဘဲ အများကို ရှယ်ယာများရောင်းချ၍ ရပ်တည်နေသော လုပ်ငန်းများဖြစ်လေရာ လုပ်ငန်းစုကြီးများက အမြဲမပြတ် စောင့်ကြည့်နေကြတာဖြစ်လေသည်။ လုပ်ငန်းသာဖျက်သိမ်းရလျှင် ထို့ထက်ပိုဆိုးမှာဖြစ်သည်။

Shiroက ပြောလာပြန်သည်။

"ကျွန်တော့အမျိုးတွေရဲ့ လုပ်ငန်းအားလုံးကို ကျွန်တော်သိထားတယ်။ ဘယ်လုပ်ငန်းကမြတ်နိုင်သလဲဆိုတာရောပဲ။ ခင်ဗျားစိတ်ဝင်စားတယ်မလား။"

ဘာမှဖြစ်မလာသေးခင် အရင်ထိုးရောင်းနေသော ထိုကောင်ဆိုးလေးကို Akiraအသည်းယားလာရသည်။ Fukumuraမိသားစု၏ လုပ်ငန်းများကို သူစိတ်မဝင်စားပေ။ စိတ်ဝင်စားရလောက်အောင် မတန်၍ဖြစ်သည်။ ထိုအုပ်စုသည် အရင်အရှိန်အဝါကြောင့် ဆက်သွားနေခြင်းဖြစ်ပြီး အရည်အချင်းရှိသည်ဟု ပြောနိုင်သောလူက လက်ချိုး၍ရေလို့ရသည်။

Fukumura Groupမှ ဝယ်ယူ၍ရလျှင် သူဝယ်ချင်တာက တစ်ခုတည်းသာဖြစ်သည်။ ဒါကလည်း သူတစ်ခါတလေတွေးမိသည့် ရူးရူးမိုက်မိုက် အတွေးတစ်ခုသာ။

"မင်းရော... ဘာဆက်လုပ်မယ်စိတ်ကူးထားလဲ။"

Shiroက တွေးတွေးဆဆ ပြောလာသည်။

"ကျွန်တော်ကတော့ ကျွန်တော့်အင်အားကို တည်ဆောက်မယ်။ အခု ကျွန်တော့် Websiteက အရမ်းကျယ်ပြန့်လာပြီ။ နာမည်ကြီးတဲ့ထုတ်ကုန်တွေကိုလည်း ရလာနိုင်ဖို့ ကျွန်တော်ကမ်းလှမ်းထားတယ်။ ဒီခရီးပြီးရင် ကျွန်တော်တို့ အရှိန်အပြည့်နဲ့ ဆက်သွားကြတော့မှာ။"

ရွှင်ပြကာ အားမာန်ပြည့်နေသော ချစ်ရသူ၏မျက်နှာလေးကိုမြင်ရတော့ Akiraပြုံးလိုက်မိသည်။ ထိုပျော်ရွှင်မှုလေးကို သူထာဝရ ကာကွယ်စောင့်ရှောက်သွားချင်မိသည်။

"ကိုယ်ဝမ်းသာပါတယ်။"

"ခင်ဗျားရော... ခင်ဗျားရော ဘာဆက်လုပ်ဖို့စိတ်ကူးထားလဲ။"

အချစ်ဆုံးသို့Where stories live. Discover now