Chapter 13

2K 121 14
                                    

ညဦးပိုင်းမို့ စည်ကားဆူညံနေပြီဖြစ်သော ဘားအတွင်း၌ ညစာလာစားနေတဲ့ ရိုင်းလ်စေတန်၏ အညိုရောင်မျက်ဝန်းများက ဘားထဲ ဝင်လာသည့် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရချိန်၌ ရယ်မြူးရိပ်သန်းသွားခဲ့ကာ ထိုကောင်လေးအား လက်ဝှေ့ရမ်းပြလိုက်သည်။

ဘားထဲရောက်နေပြီမို့ ထိုကောင်လေး သူ့၏ နေကာမျက်မှန်အမည်းကို ချွတ်လိုက်တော့ကာ ထပ်ဝတ်လာခဲ့သည့် ဂျာကင်အမည်းရောင်ထဲ ထည့်လိုက်သည်။ ထို့နောက် လက်အိတ်အမည်းဝတ်ဆင်ထားသည့် သူ့လက်ကို ပြန်ထောင်ပြလိုက်ရင်း ရိုင်းလ်နားသို့ ခပ်သွက်သွက် လျှောက်လာခဲ့သည်။

ရိုင်းလ်စေတန် သူ့နားဝင်ထိုင်လာတဲ့ ရေးခေတ္တရာအား လှည့်ရှိူးလိုက်ရပြီး-

"မင်း ညဖက်ကြီးကို နေကာမျက်မှန်ကြီးနဲ့ မြင်ရောမြင်ရရဲ့လား"

ခုနကပဲ သူနဲ့ လမ်းခွဲသွားပြီဖြစ်တဲ့ ခေတ္တရာက သူ့ဆီ ဖုန်းပြန်ဆက်လာကာ သူ ရှိရာနေရာ အခုပြန်ထွက်လာခဲ့မယ်ဆိုလို့ သူ ညစာလာစားနေသည့် ဘားထဲသို့ပဲ ချိန်းလိုက်ရခြင်းပင်။

ခုနကလိုပုံစံ မဟုတ်တော့ဘဲ ဂျာကင်အနက်ရောင်နဲ့ ဂျင်းအနက်ရောင်ကို တွဲဖက်ဝတ်ဆင်ထားတဲ့အပြင် ဦးထုပ်ဆောင်းထားကာ နေကာမျက်မှန်အမည်းပါ တပ်လာသေးသည်။ ထို့အပြင် ရာဘာလက်အိတ်အမည်းပါ ဝတ်ထားသေးတဲ့ သူ့ဘေးက all black ကောင်လေးက ထိုင်ခုံနောက်ကျောပေါ် လက်ဆန့်တင်ထားပြီး ခြေချိတ်ထိုင်နေရင်း ဘားထဲသို့ အကဲခတ်နေတာကို သတိထားလိုက်မိသည်။

"ငါ့နောက်ကို လူလိုက်နေမှာစိုးလို့ ရုပ်ဖျက်ထားရတာ။ မင်းကလည်း ညစာစားတာပဲကို ဘားထဲထိတောင် လာစားနေရတယ်လို့"

"ဟ. . .ငါ့ပိုက်ဆံနဲ့ငါ စားတာပဲ၊ ဘယ်နေရာ လာစားစားပေါ့။ ရုတ်တရက်ကြီး မင်း ဘာလို့ ပြန်ထွက်လာပြန်တာလဲ။ ဘာလဲ၊ အိပ်နေရင်းနဲ့ ဒီကိုကို့ကို သတိရသွားလို့လား"

"ကျစ်. . ."

ရေး သူ့ခေါင်းပေါ်မှ ဦးထုပ်ကို ဆွဲချွတ်လိုက်ပြီး နဖူးပေါ် ဝဲကျလာသည့် ဆံစများကို လှန်တင်လိုက်တာမို့ ရိုင်းလ်တစ်ယောက် ဒီကောင်လေးရဲ့ စတိုင်ကျပုံကိုတော့ မရည်ရွယ်ဘဲ ငေးမိသွားခဲ့သည်။

Snowless Winter Dream [Completed]Donde viven las historias. Descúbrelo ahora