Chapter 8

1K 60 2
                                    

ဟော်နန်းအတွင်းရှိ ရှေး နေထိုင်ရာ စံအိမ်ထဲ၌ ကျယ်ဝန်းသော စားသောက်ခန်းနှင့်တွဲထားသော မီးဖိုချောင်တစ်ခု စံအိမ်၏ အောက်ထပ်၌ ရှိသည်။

ဒီစံအိမ်ထဲရှိ အပေါ်ထပ်၌ ဦးမင်းမြတ်နဲ့ ရှေးတို့ နေထိုင်ကြသော်ငြား ရှေးကလည်း ပြည်ပတွင်သာ အနေများသူ ဖြစ်သလို၊ ဦးမင်းမြတ်ကလည်း စံအိမ်ငယ်များတွင်သာ ဒေဝီငယ်များဖြင့် သွားရောက်နေထိုင်လျက် ရှိကြတာမို့ ယခုကဲ့သို့ သားအဖသုံးယောက်လုံး ဟော်နန်းထဲမှာ ရှိနေတာ ရှားလေသည်။

သူ့ရှေ့ချပေးလာသော စားသောက်ဖွယ်ရာများကို ရှေး တစ်ချက်စိုက်ကြည့်လိုက်ပြီး ဘေးကို တွန်းပို့လိုက်တာကြောင့် apron ပင် မချွတ်ရသေးသော ထိုက်တစ်ယောက် အနည်းငယ် စိတ်မကြည်ဖြစ်သွား၏။

သူ ထိုမျှလောက် စိတ်ရှည်သူ မဟုတ်သလို ကြည့်မရသူကို ချော့မြူနေရတာလည်း ဝါသနာမပါ။

သို့သော်ငြား စိတ်ကိုလျှော့ထားလိုက်ကာ မျက်နှာထက် အပြုံးမပျက်စေရဘဲ သူ ပြင်ဆင်ပေးထားသည့် ကြက်သားဆန်ပြုတ် ပန်းကန်ကို ထိုကောင်လေးရှေ့ ပြန်တွန်းပေးလိုက်ရင်း-

"စားလေ၊ မကြိုက်ဘူးလား"

ရှေး သူ့ရှေ့က စာရွက်နှင့် ဘောပင်ကို လှမ်းယူလိုက်ကာ စာကြောင်းတချို့ ချရေးလိုက်ပြီး ပြလိုက်ရသည်။

"ကျွန်တော် အသားတွေ မစားဘူး။ ဘာအသားမှ မစားတာ"

ထိုက် အသားမစားတဲ့ ကျားကို တွေ့လိုက်ရတာမို့ အံ့ဩသွားရတာ‌ကြောင့်-

"တကယ်ကြီး ဘာမှ မစားတာလား၊ ဒါဆို ဘာစားမလဲ။ ကိုယ် မင်း ဘာစားတတ်လဲ မသိဘူးလေ။ မင်းအစ်ကို နေမကောင်းရင် ကိုယ် ဒါတွေပဲ လုပ်ပေးဖြစ်တာ။ ကိုယ်ထင်တာ မင်းတို့နှစ်ယောက် အကြိုက်တူမယ်ထင်လို့။ အခု ကိုယ် ဘာထပ်လုပ်ပေးရမလဲ"

ထိုက် ထိုပန်းကန်ကို ပြန်သိမ်းဖို့ လုပ်လိုက်တော့စဉ် ထိုကောင်လေး သူ့လက်ကို ဆွဲထားတာမို့ မေးဆတ်ပြလိုက်ရသည်။ ထို့နောက် ရှေး စာရေးနေတာကို စောင့်ရပြန်လေသည်။

ထိုက် သူ ထိုကောင်လေးနဲ့ စကားပြောချင်ရင် အတော်စိတ်ရှည်ရမယ်ဆိုတာကို သိလိုက်ပြီးချိန်၌ ခေါင်းပင် အနည်းငယ် ကိုက်ချင်သွားသည်။

The Loudest Silence [Completed]Where stories live. Discover now