Chapter 36

1.5K 55 0
                                    

ရန်ကုန်သို့ ဦးတည်နေသည့် အဝေးပြေးလမ်းမကြီးထက်၌ ငြိမ့်ညောင်းစွာ မောင်းနှင်နေသော ကားအနက်ရောင်တစ်စီးရှိသည်။ ထိုကားအနက်ရောင်ပေါ်၌ အမည်းရောင်ဝတ်စုံ ဆင်တူ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးရှိ၏။

ငယ်ငယ်ကတည်းက ဝတ်ပုံစားပုံ မတိမ်းမယိမ်း၊ Boot ဖိနပ်တွေကို ဆင်တူ ဝတ်တတ်သည့် ထိုနှစ်ဦး၏ လက်သူကြွယ်ထက်၌ လွန်ခဲ့သည့် နှစ်နှစ်ကတည်းက မင်္ဂလာလက်စွပ် ဆင်တူရှိနေခဲ့ပြီး နှစ်ယောက်သား၏ လည်တိုင်ထက်၌ သူတို့၏ ကြင်ယာတော်တွေကို အပ်နှင်းရသည့် ကြယ်ဆွဲကြိုးကို အပြန်အလှန် လဲလှယ်အပ်နှင်းထားခဲ့ကြပြီးပြီမို့ ကောင်းကင်ထက်က ကြယ်ရောင်စုံကဲ့သို့ပင် သူတို့နှစ်ဦးထံ၌လည်း တစ်သက်စာ လမ်းပြပေးမည့် ကြယ်တစ်ပွင့်ဆီ ရှိနေခဲ့သည်။

ဇာဏီထွဋ်ခေါင် သူ့လက်တစ်ဖက်က ကားစတီယာတိုင်ကို လှည့်လည်မောင်းနှင်‌နေရင်း လက်တစ်ဖက်က သူ့ပေါင်ပေါ် ခြေဆင်းတင်ထားပြီး ကားမှန်ကို လက်ပိုက်မှီအိပ်နေသည့် ရှေး၏ ခြေချောင်းလေးများကို ဆုပ်ချေပေးနေမိသည်။

သူတို့နှစ်ဦး ဦးမင်းမြတ်ထံ ထောင်ဝင်စာ လာတွေ့ကြခြင်းဖြစ်ကာ နှစ်နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အတွက်ပါ ရှေးကို ဟော်နန်းတာဝန်တွေနဲ့ဝေးရာ၌ စိတ်ပြေလက်ပျောက်ဖြစ်အောင် ရန်ကုန်မှာ ခဏအနားယူခိုင်းဖို့ ‌ဆုံးဖြတ်ထားခဲ့သည်။

ဇာဏီ သူ့ညီလေးအား တစ်ချက်လှမ်းကြည့်လိုက်ရင်း ကားအရှိန်နှုန်းကို ပိုနှေးလိုက်၏။ ညဖက်ထွက်လာကြတာမို့ သန်းခေါင်ယံတိုင်ချိန်၌ ရှေးကို သူ အိပ်ခိုင်းထားလိုက်ရခြင်းဖြစ်ကာ Boot ဖိနပ်ထဲ အချိန်အတော်ကြာ ညောင်းညာ တင်းကျပ်နေမည့် ခြေချောင်းလေးများကို သူ့‌ပေါင်ပေါ် တင်ထားစေခဲ့ရင်း ကား၏ aircon လေအေးထဲ၌ နွေးသွားအောင် ဆုပ်နယ်ပေးနေမိတာကြောင့် ထိုကလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

သူ့ထက် ခြောက်နှစ်ငယ်သည့် ဒီကလေးက အရင်က အရမ်းဆိုးသော်လည်း သူနဲ့ ယူပြီးကတည်းက လိမ်မာသွားလိုက်တာများ တခြားတစ်ယောက်အလားပင် ထင်ရ၏။ အခုလို ပေါင်ပေါ် ခြေထောက်တင်အိပ်ဖို့ကိုတောင် အကြီးပေါင်ပေါ်မို့ မတင်ချင်ဘူးဆိုသည့် ကလေးက ညညဆိုရင်ပင် အစ်ကို့ကို ကန်တော့အိပ်နေကျမို့ ရှေး လာစကန်တော့သည့် ညက ဇာဏီတစ်ယောက် လန့်ဖြန့်သွားခဲ့ရ‌သေးတာ  မှတ်မှတ်ရရပါပင်။

The Loudest Silence [Completed]Where stories live. Discover now