Chapter 18

896 58 1
                                    

တိတ်ဆိတ်စပြုနေပြီဖြစ်သော ဆေးရုံထပ်ဆီသို့ ဇာမ်သွေးရာဇ် တိုးတိတ်သော ခြေလှမ်းများဖြင့် ရှေး၏ အခန်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။

နှစ်ယောက်သား အချိန်းအချက်ပြုပြီးသားမို့ ရှေး သူ့အစ်ကိုအား သူလိုချင်သည့် ပစ္စည်းများကို ကိုယ်တိုင်သွားဝယ်ပေးပါဟူ၍ ဂျီကျပြီး အပြင်ပထုတ်ထားခဲ့ရသည်။ 

ဆေးရုံဝတ်စုံအစား နက်စွေးနေသော အဝတ်အစားများကို လျင်မြန်စွာ ပြောင်းလဲဝတ်ဆင်လိုက်ကာ စီးနေကျ Boot ဖိနပ်ကို ပြောင်းစီးလိုက်ပြီးချိန်၌ ဇာမ် ရောက်ရှိလာခဲ့၏။

အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ ရှေးကို မြင်လိုက်ရတာကြောင့် ဇာမ် သူ့အိတ်ထဲမှ ဖုန်းတစ်လုံးကို ရှေးဆီသို့ ကမ်းပေးလိုက်ရင်း-

"ဒါကိုယူထား၊ ဒါမှ ငါတို့ လူကွဲသွားရင်တောင် အဆက်အသွယ်လုပ်လို့ရအောင်၊ စိတ်မပူနဲ့၊ ဒီဖုန်းက ခြေရာခံလို့မရဘူး"

ရှေး ခေါင်းညိတ်ပြလိုက်ပြီး ထိုဖုန်းအား သူ့ဘောင်းဘီအနက်ရောင်အိတ်ထဲသို့ ထည့်လိုက်တော့သည်။

ထို့နောက် ဇာမ့်နောက်သို့ အမြန်လိုက်ထွက်ခဲ့ရတော့၏။

"အပြင်မှာ လမ်းကြောင်းရှင်းထားပြီးပြီ။ ဟန်မပျက်သာ ကပ်လိုက်ခဲ့"

Mask ထပ်ဝတ်ဆင်လိုက်ပြီဖြစ်တဲ့ ရှေးက ခေါင်းညိတ်ခေါင်းခါသာ ပြုလုပ်နိုင်ပြီး အပြင်ဖက်ရှိ ထိုက်၏ သက်တော်စောင့်များက သူတို့အား သတိမထားမိတာအပေါ် အကဲခတ်လိုက်မိသော်လည်း သူ့အစ်ကို ပြန်မလာခင် အပြင်အမြန်ရောက်ဖို့သာ အရေးကြီးတာမို့ ဇာမ့်နောက်က ထပ်ကြပ်မကွာ လိုက်ခဲ့ရတော့၏။

ဆေးရုံနောက်ပေါက်ရှိ ဇာမ် ခုန်ချသွားရာနောက်သို့ ရှေးပါ လိုက်ခုန်ချလိုက်ရချိန်၌ သက်သာစပြုနေပြီဖြစ်တဲ့ ချုပ်ရိုးကြောင်းနေရာက စူးခနဲ အောင့်တက်သွားခဲ့သည်။

"သခင်လေး ရရဲ့လား"

နက်စွေးနေသော အဝတ်အစားအောက်က ဖြူဖျော့နေသော ရှေး၏ အသားအရည်က ဇာမ့်အား စိတ်မရှည်ဖြစ်စေရသော်လည်း ထိုသခင်လေး ကျန်ခဲ့လို့ မဖြစ်တာမို့ စောင့်ခေါ်နေရသည်။

The Loudest Silence [Completed]Where stories live. Discover now