ဖြောင်းချန်ရွှင့်
ဒီမင်းသားရဲ့ ငယ်ရွယ်မှုကို မင်းလုယူသွားတုံးက ဘယ်လိုမျက်နှာမျိုးဖြစ်နေလိမ့်မလဲ...
ရေခဲလို အေးစက်နေတုံးပဲလား...
ဒါမှမဟုတ် ရွံရှာနေခဲ့ရဲ့လား...။မင်းကဖြောင့်မတ်တဲ့လူတစ်ယောက်ပဲလေ ကောက်ကွေ့ခြင်းတွေကိုမုန်းတယ်။ အိပ်ယာအနားစလေး တွန့်ကြေနေရင်တောင် မျက်မှောင်တွေကြုံ့နေတတ်တဲ့မင်းအတွက် ဒီမင်းသားက ဖျင်ကြမ်းတစ်စပဲဖြစ်ခဲ့ရမယ်။ ဒါပေမဲ့ မင်းမမေ့လိုက်ပါနဲ့။ ဒီမင်းသားက မင်းလက်ထဲမရောက်ခင်က ထိကိုင်ဝံ့သူမရှိတဲ့ ပိုးပုဝါစလေးဖြစ်ခဲ့ဖူးပါတယ်။
မင်းလက်ဆောင်ပေးခဲ့တဲ့ အဆုံးမရှိ အေးစက်ခြင်းကို ပွေ့ပိုက်ထားပြီး နေ့နေ့ညည မပျောက်ကွယ်နိုင်တဲ့ အထီးကျန်မှုတွေကို ရင်ဆိုင်နေခဲ့ရတော့ နာကျင်မှုကဘာမှန်းမသိအောင်ထုံထိုင်းနေခဲ့ပြီ။ ဒီမင်းသားရဲ့ ခေါင်းအုံးဟာ မြစ်တစ်စင်းဖြစ်ခဲ့ပြီး နှလုံးသားက အသုတရာချောက်နက်နက်ဖြစ်လာခဲ့ပြီပဲ။
ဆယ်နှစ်တာတဲ့... ဒီမင်းသားရဲ့ငယ်ရွယ်မှုတွေ လွင့်ပါးသွားပြီ... အသုံးဝင်မှုတွေလဲ မှေးမှိန်ကုန်ပြီ...
မင်းအနားမှာ ကြွေပန်းအိုးလိုရှိခဲ့တဲ့ ဆယ်နှစ်တာလုံးကို မင်းဘယ်လို သည်းခံနိုင်ခဲ့လဲ...ငါ့ကိုမုန်းလား... ဒီမင်းသားကို မင်းမုန်းလား...
ဖြောင်းချန်ရွှင့်
ဒီမင်းသားကတော့ မင်းကို မုန်းတယ်
နင့်နင့်သည်းသည်းကိုမုန်းတယ်...
နောက်ဘဝမှာ ကြွေပန်းတွေဖြစ်ခဲ့ရင်တောင် မင်းထိတဲ့အခါ ဆူးတွေ ထွက်လာမယ်။ ယုန်ကလေးဖြစ်ခဲ့ရင်တောင် မင်းကိုဖျက်ဆီးဖို့ သွားထက်ထက်တွေ ရှိနေမယ်။ ငရဲရောက်ခဲ့ရင်တောင် တွားတက်လာပြီး အဆုံးမရှိတဲ့ အိပ်မက်ဆိုးတွေအဖြစ် မင်းအနားမှာ ကခုန်နေဦးမှာ။
ဖြောင်းချန်ရွှင့် ... မင်း မပျော်ရွှင်ရပါစေနဲ့...။
မင်း...ချစ်ခြင်းမေတ္တာနဲ့ ကွေကွင်းရပါစေ။
မင်းဘဝဟာ လောင်မီးပြာကျလို့ ရေစင်တစ်စက်တောင် ရှာမတွေ့ပါစေနဲ့။