သူဟာ ဘဝနှစ်ခုမှာ ကျင်လည်ခဲ့ရသူဖြစ်ပါတယ်။
အဲ့ဒီဘဝနှစ်ခုမှာ သူ့ကို အလုံးစုံမြေလှန်ပစ်နိုင်တဲ့ ယောက်ျားသားနှစ်ဦးနဲ့ ဆုံခဲ့ရတယ်။ဖြောင်းချန်ရွှင့်ကို ပထမဆုံးမြင်ဖူးတဲ့နေ့က သူတို့ရဲ့လက်ထပ်ပွဲပဲ။
အမှန်စင်စစ် အဲ့ဒီနေ့က သူဖျားနေတယ်။ တာ့မင်နဲ့ ရှီလာက ရာသီဥတုကွာခြားလွန်းတာမလို့ ကြမ်းတမ်းတဲ့ ရာသီဥတုကို ကနဦးကြုံဖူးတဲ့ သူဟာ တစ်လမ်းလုံး ဖျားလာခဲ့တော့တယ်လေ။ တစ်ခါတစ်လေဆိုရင် သတိရတစ်ချက် မရတစ်ချက်ပါပဲ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ... သူ သတိလစ်နေခဲ့တဲ့ အချိန်တွေမှာ လူတစ်ယောက်က သူ့အားတိတ်တိတ်ကလေး ဖက်ထားတာကို အိပ်မက်တွေမက်တယ်။ အေးစက်နေတဲ့ရာသီဥတုမှာ အဲ့ဒီအနွေးဓာတ်အိပ်မက်ကလေးက အသက်ဓာတ်ပဲမလို့ သူဟာ အဲ့ဒီအိပ်မက်ကို ပြန်လည်ပြီး တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့ဖူးတယ်။
မင်္ဂလာပွဲမှာတော့ သူဟာ အလုံးစုံပြန်ကောင်းချင်ခဲ့ပါတယ်။ ရှီလာရဲ့ မင်းသားငယ်လေးက သနားစရာ ပျော့ညံ့တဲ့ တည်ရှိမှုလို့ တာ့မင်က ဘယ်သူ့ဆီမှာမှ မပြလိုခဲ့ပါ။ သူ့မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်ပြီး ပင်ပန်းနွမ်းနယ်နေတာကို မြင်ရတော့ သက်ပြင်းတစ်ချက်ချမိတယ်။
တကယ်ပဲ... မင်းဒီလိုဖြစ်နေမှရမှာလား ဂင်မ်ဆောနူရယ်...။
"မျက်နှာပေါ် ပါးနီထပ်တင်ပေးပါ..."
သူ့ဘေးနားက အပျိုတော်က ပုလဲလုံးတွေကို ကြိတ်ချေကာ သူ့မျက်နှာပေါ် ဖွဖွကလေး လိမ်းပေးနေခဲ့တယ်။ နောက်တစ်ယောက်ကတော့ သူ့မျက်ခုံးမွေးကို စုတ်တံနဲ့ရေးခြယ်နေတယ်။ သူ့အသံကိုကြားတဲ့အခါမှာတော့ သူတို့က ပါးနီကိုကောက်ကိုင်လိုက်ပြီး သူ့ပါးအို့တွေပေါ် အနည်းငယ် ထပ်တင်ပေးတယ်။ အခုမှ ကျန်းမာတဲ့ပုံပေါက်လာလို့ သူ့မှာ မျက်မှောင်တို့ပြေလျော့သွားရတယ်။
အမှန်စင်စစ် မျက်နှာချေတွေကို သူဂရုမစိုက်ပါ။
သူ့ရဲ့ပါးအို့ကလေးက အမြဲပန်းရောင်သမ်းပြီး နှုတ်ခမ်းကလဲ ဒန်းနီရောင်စွေးနေတာပဲလေ။ ဖျားနာသာမနေခဲ့ရင် သူသာ လူကောင်းပကတိနဲ့ပိုတူမနေချင်ခဲ့ရင် ဒါတွေကို သုံးစရာလိုအပ်လိမ့်မည်ပင်မဟုတ်ခဲ့ပေ။