花道 - 5

703 87 49
                                    

"ချန်ရွှင့်..."

လမိုက်ကို တိမ်ညိုတွေကဖုံးလို့။ မှောင်အတိကျ ပိန်းပိတ်နေတဲ့ ပတ်ဝန်းကျင်။ ဖယောင်းတိုင်ကိုမှုတ်ကာ ကျိန်းစက်ဖို့အချိန်ရောက်ပြီလို့ တွေးလိုက်တဲ့အချိန်မှာပဲ ပြတင်းပေါက်ကနေကြားလိုက်ရတဲ့ အသံတစ်ခု။

လေချွန်သံသုံးချက်? ချန်ရွှင့်?

ညဉ့်နက်သန်းခေါင်မှာ အခန်းပြတင်းပေါက်ကို တိတ်တိတ်ကလေးလာခေါက်တဲ့ တာ့မင်ဧကရာဇ်ကို ရှီးချန် အံ့ဩစွာ ကြည့်လိုက်တယ်။ ဧကရာဇ်ကသူ့ကို ပြုံးပြလာပြီး သူ့အခန်းထဲကို ခုန်ကျော်ကာ ဝင်လာတယ်။ ရှီးချန်သက်ပြင်းချလိုက်ရတယ်... ထပ်ပြီး နန်းပြင်ကိုခိုးထွက်လာပြန်ပြီ။ ကလေးဆန်လိုက်တာ။ အဲ့တာထက် လက်ထပ်ပွဲကရော ဘယ်လိုဖြစ်သွားလို့လဲ...။ ရှီးချန်ရဲ့ရင်ထဲ လေးလံသွားခဲ့တယ်။

"ချန်ရွှင့်... မင်းရှိနေသင့်တာ ဒီမှာမဟုတ်ဘူး မင်းဧကရီရဲ့ အိပ်ဆောင်မှာပဲ..."

ဧကရာဇ်က သူ့စကားကိုလျစ်လျူရှုလိုက်ကာ စားပွဲပေါ်က ဆွဲလက်စပန်းချီကို စိတ်ဝင်တစားကြည့်ရှုနေတယ်။ လရောင်အောက်က ချန်ရွှင့်ရဲ့အလှက ဝတ်ထားတဲ့ အနက်ရောင်ပိုးသားဝတ်ရုံနဲ့မို့ ဆန်းကြယ်စွာတောက်ပနေခဲ့တယ်။ လကွယ်ညလိုအလှ။ ရှီးချန်က တိုးတိုးကလေး ရင်ထဲကနေ ထောပဏာပြုတယ်။

စောနက ရှီးချန်က စားပွဲပေါ်မှာထိုင်ရင်း သစ်ခွရိုင်းပင်တစ်ပင်ဆွဲနေခဲ့တာ။ ကျန်တဲ့တစ်ဝက်တစ်ပျက်ကို ဧကရာဇ်ကစိတ်ဝင်စားဟန်နဲ့ စုတ်တံကိုမလိုက်ပြီး ဖြည့်ဆွဲလိုက်တယ်။ ပြီးမှ သူက ရှီးချန်ရဲ့ပန်းချီကို ဖျက်စီးလိုက်မိပြီမှန်း သတိထားမိပြီး မျက်ခုံးတွေကြုံ့သွားတယ်။

"ချန်ရွှင့်... ကိုယ်ပြောတာကြားလား..."

"အင်း... ကြားတယ်... "

ဧကရာဇ်က စိတ်မပျော်မှန်းသိသာနေတယ်။ သူ့မျက်နှာကတစ်လျှောက်လုံးမကြည်မလင်။ ရင်ထဲကလေးလံတဲ့စိတ်နဲ့ ဆက်တိုက်ပင်ပန်းနေခဲ့ရတဲ့ ပွတ်တိုက်ပါများသွားတဲ့နှလုံးသားကြောင့် ရှီးချန်ရဲ့အပြုံးတွေကလဲ မပီမပြင်ပါပဲ။ သူတို့ကိုယ်စီရဲ့ရင်ထဲက အစိုင်အခဲထုထည်တွေက ချေဖျက်မရအောင်ကြီးမားလွန်းလို့ အသက်ရှူသံကအစ မပေါ့ပါးနိုင်ဖြစ်ခဲ့ရတယ်။

花道Where stories live. Discover now