၁၀

2.4K 130 13
                                    

ဆောင်းအငွေ့အသက်တို့ ချဥ်းနင်းဝင်ရောက် လာစအချိန်တွင်ပင် တောင်ကြီးမြို့၏ ရာသီဥတုဟာ အေးစက်လို့နေခဲ့ချေပြီ။ မနက်စောလမ်းထလျှောက်နေကျ စူဠာမုဏိဘုရားဘက်တွင်အားကစားလုပ်သူတွေ ပိုလို့များပြားလာနေသည်။ စူဠာမုဏိ ဘုရားဘက်မှ အပြန်လမ်းတွင် မြို့မစျေးကို ဝင်ကာ နာမည်ကြီးနေသည့် မုန်ညင်းပေါင်းကို ဝယ်ယူပြီးနောက်   နေမကောင်းဖြစ်နေသည့် ဆရာဝန်အတွက်  တို့ဟူးနွေးတစ်ပွဲ ဝယ်ခဲ့ရသည်။

" တို့ဟူးနွေး ဆို ရှမ်းပြည်က တို့ဟူးနွေးအရသာကို ဘယ်မှာမှ မရနိုင်ဘူး  ဘယ်ဆိုင်ကမှ လိုက်မမီဘူး "

မန်း​မြေမှာ နေထိုင်မကောင်းဖြစ်သည့်အခါတိုင်း အရုဏ်ဦးရဲ့ အာသီသတစ်ခုဟာ နံနက်စောစောတွင် တို့ဟူးနွေး တစ်ပွဲစားရဖို့ပင်။ မန္တလေးရှိ တို့ဟူးနွေးဆိုင်မျိုးစုံမှ ဝယ်ကျွေးခဲ့သော်လည်း ဘယ်ဆိုင်ကိုမှ စိတ်တိုင်းမကျခဲ့သည့် ရှမ်းကလေးကို ပြန်တွေးမိပြန်သည်။

အိမ်ပြန်ရောက်သည့်အချိန်မှာတော့ အရုဏ်ဦးက မနိုးသေးပေ။ စားစရာတွေကို အသင့်ပြင်ဆင်ပြီး  ရေချိုးကာ အဝတ်အစားလဲပြီးသည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ။ နံနက်ခင်းနေရောင်ပင် အခန်းထဲမှာ ဖြာကျနေပြီ ဖြစ်ပေမယ့်  နေမကောင်းသူအား မနှိုးဖြစ်တော့။ ဆေးရုံသို့ မသွားခင် အရုဏ်ဦးရဲ့ နဖူးကို စမ်းကြည့်တော့ အပူရှိန်မရှိသဖြင့် စိတ်ချသွားရသည်။

မီးဖိုခန်း စားပွဲပေါ်တင်ထားသော မုန်ညင်းပေါင်းတွေကို နံနက်စာအဖြစ်စားသွားရန် ကြံရွယ်ရင်း   ကော်ဖီတစ်ခွက်ကိုပါ ဖျော်လိုက်သည်။ ငှက်ပျောဖက်ဖြင့် ထုပ်ပေးလိုက်သော မုန့်တွေဟာ ပူပူနွေးနွေးဖြစ်နေဆဲ။ မုန်ညင်းချဥ် ငရုပ်ကြော်တို့ဖြင့် တွဲစားလိုက်တော့  အတော်ကို ခံတွင်းတွေ့စေသည်။ စားသောက်ပြီးစီးပြီဖြစ်၍ အိမ်မှ ထွက်ကာ ဂျူတီသွားဖို့ ပြင်နေစဥ်မှာပင်  အခန်းထဲမှ အရုဏ်ဦးက ထွက်လာခဲ့သည်။

" ဘယ်လိုနေသေးလဲ"

" သက်သာတယ်  နေ့ခင်းဘက် ဆေးရုံကို လာခဲ့မယ်  "

ထမင်းစား စားပွဲပေါ် ဝင်ထိုင်လိုက်သော အရုဏ်ဦးဟာ အရာရာကို သူ့အိမ်သူ့ယာအတိုင်းပင် သက်တောင့်သက်သာ ဖြစ်နေခဲ့သည်။ မသိလျှင် သည်အိမ်မှာပဲ အတူနေသည့် လူတစ်ယောက်လိုပင်။ စားပွဲပေါ်မှာ ပြင်ပေးထားသည့် တို့ဟူးနွေးပန်းကန်ကို ဆွဲယူကာ ခေါင်းမဖော်တမ်းစားနေလေတော့  သူ့မှာ မရည်ရွယ်ဘဲ ပြုံးလိုက်မိပြန်သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now