အမှောင်ရိပ်ထဲမှ တောင်တန်းနှင့်ထင်းရှူးပင်တို့ဟာ ညမီးရောင်တွေကြောင့် မှန်ပြတင်းကိုဖြတ်လျက် မပြတ်မသား လှမ်းမြင်နေရပေသည်။ တံခါးအလုံပိတ်ထားသော်လည်း အေးစိမ့်စိမ့် နှင့်မို့ ကလောမြို့က ပိုလို့အေးသည်ဟုပင်ယူဆရပေမည်။ လုံးချင်းငှားထားသည့် အိမ်လေးထဲတွင်မူ သူနှင့် အရုဏ်ဦးတို့သာ နှစ်ယောက်တည်းရှိနေခဲ့လေသည်။
ကျယ်ဝန်းသည့်အိပ်ခန်း၊ အသုံးအဆောင်ပစ္စည်းတွေကလည်း စုံစုံလင်လင်မို့ သာမာန်မိသားစုအိမ်တစ်လုံးလိုပင်ခံစားရပေသည်။ ဧည့်ခန်းဟုဆိုရမည့်နေရာတွင် စားပွဲခုံနှင့် ကုလားထိုင်များက သပ်သပ်တစ်နေရာ ၊ သုံးထပ်သားကြမ်းပြင်မြင့်ပေါ်မှာ ထိုင်စရာဖုံတစ်ခုစီနှင့် စားပွဲဝိုင်းအပုလေးက သီးသန့်ရှိနေလေသည်။ ထိုကြမ်းပြင်ဘက်တွင်မူ နံရံကို မှန်အပြည့်ကာထားသည်မို့ အိမ်ရှေ့မြင်ကွင်းနှင့် တောင်တန်းတွေကို ထိုင်ငေးကြည့်နိုင်ပေသည်။
ယခုမူ တစ်ဖက်နံရံကိုမှီကာ ကြမ်းပြင်ပေါ်ထိုင်ရင်း မှန်ပြတင်းဝမှတစ်ဆင့် အပြင်ဘက်ကို ငေးမောနေသည့် သူ့ရင်ခွင်ထဲတွင် အရုဏ်ဦးက အလိုက်သင့်လဲလျောင်းကာ ပြင်ပမှညရှုခင်းကို ကြည့်နေခဲ့သည်။ အရုဏ်ဦး၏ လက်ထဲတွင်မူ ဝိုင်ခွက်တစ်ခွက် က ရှိနေခဲ့သည်။ သူသောက်လက်စ ဝိုင်ခွက်ကတော့ ကြမ်းပြင်ပေါ်မှာ ချထားလျက်သားရှိနေခဲ့သည်။ ညဘက်ရောက်လေလေ ရာသီဥတုက ပိုအေးလာလေလေမို့ အသင့်ရှိနေသည့် စောင်တစ်ထည်ကို ဆွဲယူကာ နှစ်ယောက်အတူခြုံရင်း အရုဏ်ဦးရဲ့ ခြေဖျားတွေပါ လုံသွားအောင် လိုက်ဖုံးပေးနေမိသည်။
ဝိုင်မူးနေသည်ကြောင့်လားမသိ။ အရုဏ်ဦးက ဆိတ်ဆိတ်နေရင်းသာ သူလုပ်သမျှကို ကြည့်နေခဲ့သည်။ ရင်ခွင်ထဲမှီတွယ်နေသည့် သူကို တိုးကာ ထွေးဖက်လိုက်ရင်း နားသယ်စပ်နားကို တစ်ချက် နမ်းလိုက်ကာ မေးမိသည်။
" အေးနေသေးလား အရုဏ် "
" "
အရုဏ်ဦး စကားမဆို ၊ခေါင်းကိုသာရမ်းပြပြီး လက်ထဲက ဝိုင်ခွက်ကို ဘေးနားချလိုက်သည်။ ပြီးနောက် လက်စွပ် ဝတ်ထားသည့် လက်ကို မြှောက်ကာ ငေးကြည့်နေပြန်သည်။ သွယ်လျလျနှင့် ဖွေးသန့်နေသည့်လက်နှင့် လိုက်ဖက်နေသည့် လက်စွပ်ဟာ ယခုမှပင် ပိုင်ရှင်အစစ်မှန်ဆီရောက်သွားသည့်အလားပင်။ အချိန်ကြာအောင် လက်ကို ကြည့်နေသည်မို့ သူကပင် ထိုလက်တွေကို ဆွဲယူကာ ဆုပ်ကိုင်ထားမိတော့သည်။
YOU ARE READING
မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed
Romanceခွဲစိတ်ဆရာဝန်နဲ့ အထွေထွေရောဂါကုဆရာဝန် ကြားက ဇာတ်လမ်းတစ်ပုဒ် ပါ မတူညီတဲ့ပြိုင်မျဥ်းတွေဟာ လားရာတစ်ခုတည်းအတူသွားကြတဲ့အချိန်မှာ မတော်တဆ ဆုံစည်းမိတတ်ကြတာပဲ မဟုတ်ပါလား အရေးပေါ်အခြေနေတွေကြားကနေ ဖြစ်ပေါ်လာမယ့် အချစ် Emergency Love Story ပါပဲ