ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ "
ဖြိုးသူက တံခါးဝမှာ အပြုံးမျက်နှာနဲ့ ပေါ်လာသည်။
" OPD ကြည့်တော့မလား ဆရာ " ( ပြင်ပလူနာကြည့်)
ဖြိုးသူရဲ့စကားကြောင့် နာရီကို တစ်ချက်ကြည့်မိတော့ နေ့ခင်း တစ်နာရီပင်ရှိနေချေပြီ။ ကော်ဖီတစ်ခွက်သာ သောက်ထားရသေးသော်လည်း လူနာတွေစောင့်နေရမည်ကို အားနာသဖြင့် နေ့လည်စာကို နောက်မှသာစားရန်တွေးထားလိုက်သည်။
" အေး ကြည့်ကြတာပေါ့ "
ခွဲစိတ်ဆောင် အစွန်ဖျားရှိ OPD အခန်းထဲ ဝင်ကာ ထိုင်စောင့်လိုက်တော့ တာဝန်ကျ ဆရာမလေးတွေထဲက တစ်ယောက်ဖြစ်သည့် နန်းခမ်းနောင့် က အခန်းထဲဝင်လာသည်။ လူနာမှတ်တမ်းတစ်ခုကို ချပေးရင်း
" ဒီနေ့ လူနာများတယ်ဆရာ အခုက Follow up လာပြတဲ့ သူတွေကို အရင်ခေါ်လိုက်မယ်နော် " ( ရက်ချိန်းပြန်ပြသူ )
" ဟုတ်ပြီ ခေါ်လိုက်လေ ဆရာမ "
ဆရာမလေးက စာအုပ်ကို ချပေးပြီး အပြင်ပြန်ထွက်ကာ လူနာနာမည်ကို အော်ခေါ်လိုက်သည်။
" ခွန်ထွန်းအောင် ရှိပါသလား "
" ရှိတယ် ဆရာမ "
မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လာသော ခွန်ထွန်းအောင်ဟာ အသက်လေးဆယ်ရွယ်ရှိလောက်ပြီဖြစ်သော ဦးလေးကြီးပင်။ စာအုပ်ကို ကြည့်လိုက်တော့ အရင်တစ်ပတ်က ဆေးရုံဆင်းပေးလိုက်သည့်လူနာပင်။ အူအတက်ပေါက်သဖြင့် ခွဲစိတ်ထားရသည့် လူနာပေမို့ ချုပ်ရိုးဖြည်ရန် လာခြင်းသာ ဖြစ်မည်ဟုလည်း ခန့်မှန်းမိလိုက်သည်။
" ဘယ်လိုနေလဲ ဦးလေး "
" နေကောင်းသွားပြီဆရာ ချုပ်ရိုးဖြည်ဖို့ပြန်လာခဲ့တာ "
" ကဲ ဟုတ်ပါပြီ ဟိုဘက်က ကုတင်ပေါ် လှဲလိုက်ပါဦး အနာလည်း တစ်ချက်ကြည့်ရအောင် "
လူနာကုတင်ပေါ် လှဲအိပ်ခိုင်းလိုက်ပြီး အနီးနားရှိ လက်အိတ်တစ်စုံကိုစွပ်ကာ လူနာအနီးသို့သွားလိုက်သည်။ ဆရာမလေးကလည်း အလိုက်တသိပင် အနာဆေးထည့်ဖို့ရာ အသင့်ပြင်ထားပေးသည်။
YOU ARE READING
မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed
Romanceခွဲစိတ်ဆရာဝန်နဲ့ အထွေထွေရောဂါကုဆရာဝန် ကြားက ဇာတ်လမ်းတစ်ပုဒ် ပါ မတူညီတဲ့ပြိုင်မျဥ်းတွေဟာ လားရာတစ်ခုတည်းအတူသွားကြတဲ့အချိန်မှာ မတော်တဆ ဆုံစည်းမိတတ်ကြတာပဲ မဟုတ်ပါလား အရေးပေါ်အခြေနေတွေကြားကနေ ဖြစ်ပေါ်လာမယ့် အချစ် Emergency Love Story ပါပဲ