'အေးတယ်....'
သတိရရခြင်း ခေါင်းထဲကိုပထမဆုံးဝင်လာသောအတွေးဖြစ်သည်။ ကျောက်စက်ပန်းဆွဲရဲ့ အဖျားလေးတွေမှာ သီးနေတဲ့ ရေလုံးလေးတွေက အေးစက်မာကျောတဲ့ကြမ်းပြင်ပေါ်သို့ တတောက်တောက်နှင့် တစ်စက်ချင်းကျနေသည်။ ရေကျသံနှင့်အတူ အပြင်ဘက်ကငှက်လေးတွေရဲ့အသံကို သဲ့သဲ့လေးကြားနေရတာမို့ အပြင်လောကနဲ့သိပ်မဝေးသေးဘူးဆိုတာကိုတော့ အနည်းငယ်ခန့်မှန်းမိ၏။
ကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်ကျနေတဲ့ ခန္ဓာကိုယ်က အေးခဲစပြုလာပြီ။ လက်ချောင်းလေးတွေကိုလှုပ်ကြည့်ပေမဲ့ အအေးဓာတ်ရဲ့အထုံကြောင့် လှုပ်နေသလား ခဲသွားပြီလားဆိုတာတောင် မသိနိုင်တော့ပေ။ နှုတ်ခမ်းသားလေးတွေကဖြူစွပ်နေပေမဲ့ အက်ကွဲနေတဲ့သူ့ရဲ့အောက်နှုတ်ခမ်းသားလေးတွေပေါ်မှာတော့ အနီရောင်သွေးစလေးတွေကတင်ကျန်နေ၏။
နောက်ဆုံးကျန်တဲ့အားကို အကုန်သုံးကာ မျက်လုံးတစ်စုံကို ဖွင့်လှစ်လိုက်တဲ့နောက်မှာတော့ အဖြူရောင်အလင်းတန်းလေးတစ်ခုကိုမြင်လိုက်ရသည်။ ခပ်လှမ်းလှမ်းကအလင်းတန်းလေးဆိုပေမဲ့ အရှိန်တဖြည်းဖြည်း ကျနှင့်နေပြီဖြစ်တဲ့သူ့နှလုံးသားလေးကိုတော့ နွေးထွေးစေသည်။ ပါးပြင်တစ်လျှောက်လုံးကိုဖြန့်ကြက်ထားတဲ့ သွေးကြောလေးတွေက ခပ်စိမ်းစိမ်းလေးပေါ်နေပေမဲ့ အရောင်အဆင်းရှိရုံကလွဲရင် ကျန်တာ မလုပ်နိုင်တော့ဘူးထင်ပါရဲ့။
နောက်ဆုံးအကြိမ်အဖြစ်တစ်ခါလောက် ပြုံးချင်မိပေမဲ့ အာရုံကြောတွေအကုန်ရပ်ဆိုင်းသွားခဲ့ပြီ။ အေးစက်မာကျောပြီး အလင်းရောင်တိုးမပေါက်တဲ့လှိုင်ခေါင်းထဲရှာတွေ့ခဲ့တဲ့ သူ့ဘဝရဲ့ ရှားရှားပါးပါး အလင်းတန်းလေးကို စိတ်ရင်းနဲ့ကျေးဇူးတင်မိသည်။
'ငါ့အတွက် တစ်ခုထဲသော တောက်ပမှုလေးဖြစ်ပေးတဲ့အတွက် ကျေးဇူးတင်-'
စိတ်ထဲကစကားလေး မဆုံးခင်ပဲ သူ့မြင်ကွင်းတခုလုံးအမှောင်ကျသွား၏။ 'တီ' ဆိုသောအသံတစ်သံထဲ နားထဲမှာကြာရှည်စွာစွဲကျန်နေခဲ့ပြီး အမှောင်ထုဝန်းရံထားသောနေရာတွင် မတ်တတ်ရပ်နေသလိုခံစားလိုက်ရသည်။ လက်ချောင်းလေးတွေကိုလှုပ်ကြည့်တော့ ခပ်သွယ်သွယ်လက်ချောင်းလေးတွေက သူလိုရာအတိုင်း ရွေ့လျား၏။ ခန္ဓာကိုယ်ကလဲ အနွေးဓာတ်ရစပြုလာပြီး ရင်ဘက်ကိုစမ်းကြည့်တော့ ခြောက်သွေ့တဲ့အဝတ်စလေးတွေကိုစမ်းမိသည်။
![](https://img.wattpad.com/cover/339327824-288-k96344.jpg)
YOU ARE READING
1993
Fanfiction"အရောင်ထဲမှာဆို ကိုယ်တော်....ရွှေရောင်ကိုသဘောကျတယ်" "ဘာလို့လဲ သိလား" "ဘာလို့လဲ အရှင်...." "ဘာလို့လဲဆိုတော့.....ကြက်သွေးရောင်နဲ့လိုက်ဖက်လို့"