"နီးဟောင်း"
"မင်းဂျီးတော်ကို နီးဟောင်း၊ နိဟောင်ပါဟ ပြန်ထွက်ကြည့်"
ကျောင်းပိတ်ရက်ဖြစ်နေလည်း စာကြိုးစားလိုစိတ်အပြည့်ရှိသည့် ယူဂျင်းတစ်ယောက် အခုလည်း အိုလီ့ကို တရုတ်စာသင်ခိုင်းနေလေသည်။
"တော်ပြီကွာ မသင်တော့ဘူး ရှုပ်နေတာပဲ"
လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကတော့ တရုတ်ပြည်ပဲ စာသွားသင်တော့မလို အားကြိုးမာန်တက်တွေထဖြစ်ပြီး အခု နိဟောင်နဲ့တင် ဆက်မသင်တော့ဘူးဆိုတော့ အခြေအနေသိပ်မဟန်။
"စိတ်ချည်းပဲ ဟန်ယူဂျင်းရယ်၊ သေချာလေး ဖင်ပူအောင်တောင် မထိုင်ရသေးဘူး
"မင်းတရုတ်စာက ရှုပ်ယှက်ခတ်နေတာကိုး ဘယ်သူက သင်ချင်တော့မှာလဲ အိုလီရဲ့"
ပြောပြောဆိုဆို ဘောပင်တွေ စာအုပ်တွေ အိတ်ထဲကောက်ထည့်ကာ ထပြန်မည်လုပ်သော ယူဂျင်းကို အိုလီ မျက်လုံးပြူးကြည့်ရင်း မေးလိုက်သည်။
"အဲ့ဒါဘယ်တုန်း"
"ကော်ဖီဆိုင်လေ"
"ဪ လက်စွပ်နောက်တစ်ကွင်း အစွပ်ခံချင်လို့ သွားမှာဆိုရင် သွားပါ မတားပါဘူး"
"မဟုတ်...မဟုတ်ရပါဘူးနော် ငါ့ဟာငါ အေးအေးလူလူ ကော်ဖီသွားသောက်မလို့"
"အေးအေးလူလူ ကော်ဖီလည်းသောက်ရင်း ဆိုင်ရှင်လည်း ငမ်းရင်း"
မျက်ခုံးပင့်ပြီး လှမ်းစနေသော အိုလီ့ကို မျက်စောင်းသာခဲပြလိုက်ပြီး အိမ်ထဲကနေ ခပ်သုတ်သုတ်ထွက်လာမိတော့သည်။ ဘာလို့မှန်းမသိ ယူဂျင်းရဲ့စိတ်တွေက ကော်ဖီဆိုင်ရှိရာကိုပဲ ရောက်နေပြီး တစ်မိနစ်လေးတောင် နောက်မကျချင်လောက်အောင် မြန်မြန်သွားချင်နေသည်။
ဆိုင်ထဲရောက်သွားတော့ အဲကွန်းလေစိမ့်စိမ့်လေးနှင့် ပျံ့လွင့်နေသော ကော်ဖီစေ့အနံ့တို့က ယူဂျင်းကို ကြိုဆိုနေကြသည်။ ဘေးဘီဝဲယာကြည့်ပြီး ဆိုင်ရှင်အကိုကြီးရှိမရှိ ချောင်းပါသော်လည်း အရိပ်ကလေးပင်မတွေ့ရတာကြောင့် နှာခေါင်းရှုံ့မိလိုက်သည်။
"မင်္ဂလာပါ ဧည့်သည်ရှင့်"
ဝန်ထမ်းတစ်ယောက်ရဲ့ အသံကိုကြားမှသာ အသိစိတ်ကပ်ပြီး ထိုင်နေကျ နေရာမှာ ဝင်ထိုင်ရသည်။ သို့သော် ကော်ဖီတစ်ခွက်မှာပြီးလို့ အေးလာသည်အထိကို ဆိုင်ရှင်က ပေါ်မလာသေး။