အခန်း(၉): ဒဏ်ရာနံပါတ်-၁

24 3 0
                                    

နွေရာသီတစ်ခုတွင် ဖြစ်သည်။

နန်းထိုက်မဟာတော်ဝင်စံအိမ်ကြီးသည် နွေ၏အပူရှိန်ကိုအံတုလျက် ခမ်းနားတောက်ပနေ၏။ စံအိမ်ကြီးနောက်ဘက်ရှိ ဉယျာဉ်ထဲတွင်မူ နွေအပူကို မမှုဘဲ ကန်နဘေးတွင် တစ်ယောက်တည်းထိုင်နေသော ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦးရှိသည်။

ထိုကလေးငယ်က မိုးမခပင်၏ပင်စည်ကိုမှီလျက် စံအိမ်ကြီးဘက်ကို ငေးမှိုင်ကာနေသည်။ သူ၏မြင်ကွင်းထဲတွင်မူ စံအိမ်ကြီးကိုတွယ်ကပ်ပေါက်နေသော တိုက်ကပ်ပန်းနွယ်ပင်များက နေရာယူထား၏။ သူက အတိအပြစ်ကင်းစင်သောမျက်ဝန်းဝိုင်းလေးများဖြင့် စံအိမ်နံရံပေါ်ရှိအပင်များကို မမှိတ်မသုန် ငေးကြည့်နေ‌လေသည်။

'...ဒီမှာ ဘာလုပ်နေတာလဲ အရုဏ်...'

ငေးနေသောကလေးငယ်က သူ့နာမည်‌ေခါ်သံကြားသဖြင့် အမှတ်မထင် မော့ကြည့်လိုက်ရာ သန့်ပြန့်သားနားသော ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ဦး၏ ချောမောကြည်လင်လှသည့်မျက်နှာကို မြင်လိုက်ရလေသည်။

အရုဏ်သည် ထိုလူငယ်ကိုမြင်လျင်မြင်ချင်း ထိုင်နေရာမှ ချက်ချင်းထကာ သူ၏ခပ်နွမ်းနွမ်းအင်္ကျီလေးကို ဖုန်ခါကာ သပ်ရပ်အောင်ပြင်ဆင်လိုက်ရ၏။ ထို့နောက် သူက ကိုယ်ကိုရို့၍ ခါးကိုကိုင်းကာ မျက်လွှာအမြန်ချလျက် ထိတ်ထိတ်လန့်လန့် ပြောလေသည်။

'... သခင်လေး ဒီကိုဘယ်လိုလုပ်ပြီး...'

'... ငါ မင်းကို တစ်ခုလောက်ကြည့်ပေးစေချင်တယ် ...'

လူငယ်လေးသည် အရုဏ်၏ပုခုံးကိုအသာပုတ်၍ ကြင်နာစွာပြောလိုက်၏။ အရုဏ်ကမူ ကိုယ်ကိုပိုကိုင်း၍ မျက်လွှာကို ပို၍ပင်ချလိုက်သည်။ လူငယ်လေးက ထိုတုံ့ပြန်မှုကို သဘောသိပ်ကျဟန်မတူ။

'... ဘာများကြည့်ပေး‌စေချင်တာပါလဲ သခင်လေး...'

'... ငါ့မျက်နှာကို...'

'...ဟုတ်... အဲ...ဗျာ!...'

အရုဏ်သည် ကိုယ်ကိုပိုကျုံ့သွားသည့်အပြင် အနောက်ကိုပင် ခြေတစ်လှမ်းဆုတ်သွားသေးသည်။ သူသည် လူငယ်လေး၏ အခက်တွေ့စေသည့်အမိန့်ကြောင့် ခြေဖျားလက်ဖျားများပင် အေးစက်သွားသည်။

အသူရာစံအိမ်Where stories live. Discover now