ဂျွန်နသန်က ခေတ်အမီဆုံးနည်းပညာများဖြင့် ဆောက်လုပ်ထားသည့် လက်ရှိနေအိမ်အကောင်းစားကြီးကိုပစ်ကာ နာမည်ဆိုးများရှိနေသော အိမ်အိုအိမ်ဟောင်းကြီးပေါ်၌ ပြောင်းနေသည့်သတင်းကား ကုမ္ပဏီတစ်ခုလုံး ဟိုးလေးတကျော်ဖြစ်နေ၏။
'...သိပြီးပြီလား၊ Bossက သရဲခြောက်တဲ့အိမ်ကြီးကို လေလံဆွဲလိုက်တယ်ဆို...'
'...အေးလေ၊ လုံးဝကို ဈေးကြီးပေးပြီးဝယ်လိုက်တာနော်၊ သူဌေးတွေများ ပိုက်ဆံတွေ သိပ်ပေါတာပဲ၊ တို့များ အဲ့အိမ်ကြီး အလကားပေးမယ်ဆိုတောင် မယူပေါင်...'
'...အင်း၊ သူက အခု အဲ့အိမ်ကြီးမှာတောင် ပြောင်းနေနေမှာတဲ့၊ ဘယ်လိုစိတ်နဲ့များ နေမလဲဟယ်...'
'... သူက နိုင်ငံခြားသားမို့ သရဲမကြောက်တတ်လို့ နေမှာပေါ့...'
ကုမ္ပဏီ၏ကဖေးတွင် ကော်ဖီသောက်နေကြသည့် ဝန်ထမ်းများက အချင်းချင်းပြောဆိုနေကြသည်ကို နောက်ကျောဝိုင်းရှိ အတွင်းရေးမှူး Smithက အတိုင်းသားကြားနေရသည်။
Smithသည် ဂျွန်နသန် အမေရိကားတွင်ရှိစဉ်ထဲက ဂျွန်၏အတွင်းရေမှူးဖြစ်ခဲ့သည်။ ဂျွန်ဘာတွေဖြတ်သန်းခဲ့ရပြီး ဘယ်ခြေလှမ်းကို ဘာကြောင့်လှမ်းရသည်ကို ခရေစေ့တွင်းကျသိထားပြီးသူဖြစ်၏။ Smithသိထားသော ဂျွန်နသန်က ဆုံးဖြတ်ချက်တစ်ခုကို လွယ်လင့်တကူချတတ်သူမဟုတ်သလို အကျိုးအမြတ်မရှိမည့်အလုပ်ကို လုပ်မှာလဲမဟုတ်ချေ။
သို့သော် ဒီတစ်ကြိမ်တွင်တော့ အိမ်ကြီးနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်များကို သူနားမလည်နိုင်ဖြစ်ရသည်။ ပွင့်လင်းစွာဝန်ခံရလျှင် အိမ်ကိုလေလံဆွဲရန်အတွက် သိန်းပေါင်းသောင်းချီ သုံးခဲ့ခြင်းမှာလည်း အကျိုးနည်းလွန်းလှသည်ဟု Smithက ယူဆသည်။ ယင်းအိမ်ကြီးပေါ်တွင် ဂျွန်ကိုယ်တိုင်တက်နေမည့်ကိစ္စကိုမူ သူသဘောမတွေ့ဆုံးဖြစ်၏။ ဂျွန်အန္တရာယ်ရှိမည်ကို စိုးရိမ်တာလည်းပါသည်။
ဂျွန်၏ခိုင်းစေမှုကြောင့် Smithက အိမ်ကြီး၏နောက်ကြောင်းရာဇဝင်ကို လက်လှမ်းမီသလောက်စုံစမ်းခဲ့ရသည်။ ထိုအိမ်ကြီးသည် တစ်ချိန်ကအရှိန်အဝါကြီးခဲ့သလောက် ဇာတ်သိမ်းကလည်း နာမည်ကြီးခဲ့သည်။ အိမ်ကြီး၏ထက်ဝက်ခန့်က မီးလောင်ခဲ့ပြီး အိမ်သားအချို့လည်း မီးထဲပါသွားသည်ဟု သိခဲ့ရသည်။ အိမ်ကြီးရှင်အရာရှိကိုယ်တိုင်ကပင် လှေကားပေါ်ကပြုတ်ကျ၍ လည်ပင်းရိုးကျိုးကာ သေဆုံးခဲ့သည်။ ဦးဘရမီသိန်း၏ဒုတိယသားတစ်ဦးမှလွဲလျှင် အခြားမိသားစုဝင်များ၏သေဆုံးမှုတို့သည် သာမန်မဟုတ်ချေ။ စုံစမ်းသိရသမျှ အချက်အလက်တိုင်းသည် မနှစ်မြို့စရာအကြောင်းအရာများချည့်သာ ဖြစ်၏။
VOCÊ ESTÁ LENDO
အသူရာစံအိမ်
Mistério / Suspenseလျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးပွေလီလှတဲ့ အသူရာစံအိမ်ကြီးကနေ အားလုံးကို ကြိုဆိုလိုက်ပါတယ်!