အိမ်သစ်တက်ပွဲအပြီး နောက်တစ်နေ့မနက်ခင်း၌ဖြစ်သည်။
နေရောင်ခြည်နွေးနွေးသည် ထူထဲမြင့်မားသည့် မှန်တံခါးချပ်ကြီးများကို ဖောက်ထွင်းကာ စာကြည့်ခန်း၏ ကြမ်းပြင်ဖြူများပေါ်သို့ ကျရောက်နေ၏။
ဂျွန်နသန်သည် စာကြည့်ခန်းထဲရှိ ကွန်ပြူတာရှေ့၌ထိုင်ကာ မနေ့ညက စီစီတီဗီမှတ်တမ်းများကို စစ်ဆေးနေသည်။ တကယ်တော့ သူသည် ထိုမှတ်တမ်းများကို ဆယ်ကြိမ်ထက်မနည်း စစ်ဆေးပြီးပြီဖြစ်၏။ သို့ရာတွင်မူ မည်သို့ပင် အပြန်အပြန်အလှန်လှန် စစ်ဆေးပါစေ ဂျွန်တစ်ယောက် မနေ့ညကပုဂ္ဂိုလ်ကို မှတ်တမ်းများထဲမှာ လုံးဝရှာမတွေ့ပါချေ။
ထိုပုဂ္ဂိုလ်သည် ပွဲအတွင်းရှိခဲ့သည်ကို သူမြင်ခဲ့ရသော်လည်း ပွဲအတွင်းမှတ်တမ်းများတွင် သူမရှိ။ ဉယျာဉ်ထဲတွင် သူနှင့်စကားပြောခဲ့ပါသော်လည်း ဉယျာဉ်၏မှတ်တမ်းများ၌လည်း သူမပါ။ အိမ်အတွင်းဝင်ရောက်နိုင်သည့်နေရာတိုင်းက စီစီတီဗီများ၏မှတ်တမ်းတိုင်းတွင်လည်း မတွေ့ရ။ ထိုပုဂ္ဂိုလ်သည် မြေလျှိုး၍မိုးပျံနိုင်သူပင် ဖြစ်သလော။
ဂျွန်သည် ပဟေဠိများစွာကြား တဝဲလည်လည်ဖြစ်နေရ၏။ ထိုပဟေဠိများကို အဖြေထုတ်ရန်အတွက် မနေ့ညက သူကြုံခဲ့ရသည်များကိုသာ ထပ်ခါတလဲလဲ စဉ်းစားနေမိသည်ပင်။
'...သခင်လေး တစ်စုံတစ်ယောက်ကို တကယ်မသတ်ရဲရင် လက်နက်ကို ဘယ်တော့မှစမထုတ်ပါနဲ့...'
ဂျွန်နသန့်နားထဲတွင် အမှောင်ထဲမှပုဂ္ဂိုလ်၏စကားသံသည် ရှင်းလင်းပြတ်သားလှစွာ ပဲ့တင်ထပ်ကျန်ရစ်ခဲ့၏။ ထိုပုဂ္ဂိုလ်ကို သူလုံးဝမသိသည့်တိုင် ထိုပုဂ္ဂိုလ်က သူ့အားကောင်းစွာသိနေပုံရသည်။ သူ့ကို မည်သူကမှမခေါ်ဝေါ်ဖူးသည့် အသုံးအနှုန်းဖြင့်လည်း ခေါ်ဝေါ်သေးသည်။
ထူးခြားသည့်အချက်မှာ ၂၁ရာစုတွင်နေထိုင်သော ဂျွန်နသန်က ထိုပုဂ္ဂိုလ်ခေါ်သော သခင်လေး ဟူသည့်အသံအား ရင်းနှီးနေခြင်းပေ။ ထိုပုဂ္ဂိုလ်နှုတ်မှထွက်သော သခင်လေး ဟူသည့်ခေါ်သံကိုကြားရတိုင်း ဂျွန်သည် သူ့ဝဲဘက်ရင်အုံရှိအတွင်းတစ်နေရာမှ မသိမသာနာကျင်မှုကို ခံစားရသည့်တစ်ချက်ကလွဲလျင် အရာအားလုံးက ပုံမှန်အတိုင်းပင်။
![](https://img.wattpad.com/cover/307452867-288-k587298.jpg)
KAMU SEDANG MEMBACA
အသူရာစံအိမ်
Misteri / Thrillerလျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးပွေလီလှတဲ့ အသူရာစံအိမ်ကြီးကနေ အားလုံးကို ကြိုဆိုလိုက်ပါတယ်!