Part 1

1.4K 173 10
                                    

၁၉၃၀ခုနှစ်၊ အင်္ဂလိပ်ဗြိတိသျှတို့ ဗမာနိုင်ငံကို ကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက်ထားစဉ် အချိန်ကာလ။ရန်ကုန်မြို့ရှိ၊ တစ်ခုသော စံအိမ်ကြီးတွင်။

"ဟဲ့ ကျော်ရှိန် မြန်မြန်လုပ်ပါတော် ဆင်ဝင်အောက်က ပန်းအိုးတွေကို ဟိုးနောက်ဘက်ကို ယူသွား မင်းကြီးရဲ့သားက ရောက်လာတော့မှာ သခင်လေးက နှင်းဆီတွေနဲ့ ဓာတ်မတည့်ဘူးတဲ့"

ကြီးသန်းရဲ့စကားသံ အဆုံးမှာ ကျော်ရှိန်တစ်ယောက်   အိမ်ရှေ့ဆင်ဝင်အောက်က မြေပန်းအိုးတွေကို အသာ မ ပြီးရွေ့ရသည်။၁၄နှစ်အရွယ် ကျော်ရှိန်က အရပ်ရှည်ပြီး ကျစ်လစ်ကြံ့ခိုင်သည့် ခန္ဓာကိုယ်အချိုးအစားရှိသည်။အသားအရည်က ပင်ကို ညိုရသည့်အထဲ အလုပ်ကြမ်းလုပ်ရသောကြောင့် ပိုလို့ပင် ညိုမောင်းနေသည်။မိဘတွေက စစ်ပွဲတွေကြားမှာ ပြေးရင်းလွှားရင်း သေဆုံးခဲ့ကြတာဖြစ်ပြီး ဆွေမျိုးနီးစပ် ကြီးသန်းကြောင့်သာ မင်းကြီးစံအိမ်တော်တွင် အလုပ်ရခြင်းဖြစ်သည်။စံအိမ်‌တော်တွင် ရေခပ်၊ထင်းခွေ၊ပန်းကန်ဆေး၊ခြံရှင်းစသည့် တောက်တိုမယ်ရ ဗာဟီရမှာ ကျော်ရှိန့်အလုပ်များသာ။

ကျော်ရှိန် မျက်မှောင်ကြုတ်ပြီး ပန်းအိုးတွေကို တစ်ခုချင်း ခြံအနောက်ဘက်သို့ မ ရွေ့သည်။နှင်းဆီနှင့် ဓာတ်မတည့်ဘူးဆိုသည့် သခင်လေးက ဘယ်လောက်တောင် နုနယ်လို့လဲ ဟု ထူးထူးဆန်းဆန်းတွေးမိသည်။

ယခုအချိန်တွင် အိမ်တော်ကြီး တစ်ခုလုံးက အလုပ်ရှုပ်နေကြပြီး မကြာခင်ရောက်လာတော့မည့် သခင်လေးကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။ဗမာပြည်ကို အုပ်ချုပ်နေသည့် ဘုရင်ခံမင်းကြီးက ဘိလပ်မှ သူ့သားကို ဗမာပြည်သို့ ခေါ်လာမည်။ခြံတံခါးတွင် မျက်နှာဖြူစစ်သားများရှိပြီး နေရာတိုင်းတွင်လည်း အစောင့်စစ်သားများက လုံခြုံရေးကို တင်းကြပ်ထားသည်။

နွေဦးရာသီဖြစ်တာကြောင့် ကောင်းကင်က ကြည်လင်နေသည်။ပုဇဉ်းရင်ကွဲသံလေးများက အသာအယာထွက်ပေါ်နေပြီး လေနုအေးက နူးညံ့ညင်သာစွာ တိုက်ခတ်နေသည်။

ခြံတံခါးဝမှ ကားသံကြားရသည်။ကျော်ရှိန် ညစ်ပေနေသည့်လက်ကို ပုဆိုးတွင် ခပ်မြန်မြန်သုတ်လိုက်ပြီး  ခေါင်းလေးက ဆင်ဝင်ဘက်သို့ မျှော်ကြည့်မိသည်။ကြီးသန်း၊ကရီနာနှင့် အိမ်တော်ထိန်းမစ္စတာဂျော့ရှ်က တံခါးမကြီးဘေးတွင် ရပ်နေသည်။ကျော်ရှိန်ပြေးသွားကာ ကြီးသန်းနောက်တွင် ခေါင်းငုံ့လျက် ရပ်လိုက်သည်။မစ္စတာဂျော့ရှ်က ကျော်ရှိန်ကို ကြည့်လာပေမဲ့ ဘာမှတော့ မပြောပေ။

Daydream in Burma (ခေတ္တရပ်နား) Where stories live. Discover now