Part 3

659 116 14
                                    

သခင်လေးဝီလန်မျက်နှာက ပြုံးခြင်းရယ်ခြင်း ကင်းမဲ့နေသည်။ကြည်လင်တောက်ပ ပြာလဲ့သော မျက်ဝန်းများမှာ အသက်မဲ့နေဟန် အေးစက်နေပြီး ဣန္ဒြေအပြည့်နှင့် အိမ်အောက်ကို ဆင်းသွားသည်။ကျော်ရှိန် သခင်လေးနောက်မှ ခပ်သွက်သွက်လိုက်၏။

ထမင်းစားစားပွဲရှည်ကြီးတွင် ဟင်းပွဲတွေ တည်ခင်းထားပြီး မင်းကြီးဝီလန်ကတော့ မရှိ။လူးစစ် စားပွဲတွင် ဝင်ထိုင်သည်။ကျော်ရှိန်က လူးစစ်နောက်တွင် ကျောက်ရုပ်အလား ရပ်နေသည်။

မနက်စာစားပြီးတော့ လူးစစ် အိမ်ပေါ်သို့ ပြန်တက်ခဲ့သည်။ကျော်ရှိန်က လူးစစ်နောက်မှ တကောက်ကောက်လိုက်နေဆဲ။လူးစစ် နောက်ကို တစ်ချက်လှည့်ကြည့်ပြီး အခန်းထဲဝင်ကာ ပြတင်းပေါက်အနားရှိ ထိုင်ခုံတွင် ထိုင်လိုက်သည်။ကျော်ရှိန်ကို စကားမပြောဘဲ ဖက်လက်စ စာအုပ်ကိုသာ ဖတ်နေ၏။ကျော်ရှိန်က အခန်းထောင့်တွင် ရပ်နေသည်။လူးစစ် မျက်ခုံးပင့်၍ ကျော်ရှိန်ကို ကြည့်လာသည်။

"မင်း ဘာလို့ ဒီလိုရပ်နေတာလဲ တခြားလုပ်စရာမရှိဘူးလား"

"ကျွန်တော့်တာဝန်က သခင်လေးကို စောင့်ရှောက်ဖို့ပါ"

လူးစစ် မျက်မှောင်ကြုတ်ပြီး စာအုပ်ကို ပိတ်လိုက်သည်။

"ငါက ကလေးမဟုတ်ဘူး စောင့်ရှောက်စရာမလိုဘူး"

"ဒါပေမဲ့ မစ္စတာဂျော့်ရှ်က..."

"သူက မင်းရဲ့သခင်လား..."

"မဟုတ်ပါဘူး"

"အေး ဒါဆို ငါ့အမိန့်နာခံ သွား အပြင်ထွက်သွား!!"

ကျော်ရှိန်က ခေါင်းမာစွာဖြင့် မြဲမြံစွာ ရပ်နေသည်။လူးစစ် ဒေါသထွက်လာပြီး ကျော်ရှိန်ကို စာအုပ်နှင့် ပစ်ပေါက်လိုက်သည်။စာအုပ်မှာ ကျော်ရှိန်ရင်ဘတ်တွင် ထိမှန်သွားပြီး အောက်ကို ပြုတ်ကျသွားသည်။ထို့နောက် ကျော်ရှိန် သက်ပျင်းချကာ စာအုပ်ကို ငုံ့ကောက်လိုက်သည်။လူးစစ်က ထိုင်နေရာမှ ထလာပြီး သူ့ကို လက်သီးတစ်လုံးပစ်သွင်းလာ၏။

ခွပ်!!

လက်သီးချက်မှာ အားမပါလှ။ကျော်ရှိန် ပါးစောင်က နာကျင်သွားပေမဲ့ မပြင်းထန်ပေ။သခင်လေးကို ကြည့်လိုက်တော့ မျက်ဝန်းတွေထဲ မျက်ရည်တွေ ဝေ့သီနေပြီး ပြိုကျလာသည်ကို မြင်ရသည်။ကျော်ရှိန် ဘာလုပ်ရမှန်းမသိတော့ဘဲ ပြာယာခတ်သွားသည်။

Daydream in Burma (ခေတ္တရပ်နား) Tempat cerita menjadi hidup. Temukan sekarang