ဒီရက်တွေအတွင်း ထယ်ယောင်း စိတ်အခြေအနေသည် ဟိုးအောက်ဆုံးသို့ထိုးကျလျက်ရှိသည်။ မိသားစုနှင့်လည်းအဆင်မပြေ၊ လုပ်ငန်းခွင်မှာလည်းအဆင်မပြေ၊ ပြဿနာပေါင်းများစွာကို တစ်ကိုယ်တည်း အထီးကျန်စွာ ဖြေရှင်းနေရသည်။
ညနေစောင်းနေပြီဖြစ်၍ ကောင်းကင်ကြီးသည် လိမ္မောနီရောင်တောက်နေကာ ရဲရဲနီနေသည့် နေလုံးကြီးမှာလည်း တစ်စုံတစ်ခုကို နမိတ်ပြချင်နေသည့်အလား အနည်းငယ်ကွဲပြားနေသည်။
ဒီနှစ် မတ်လနွေသည် အလွန်ပူပြင်းသောကြောင့် နေကျသွားပြီဖြစ်သော်လည်း အလုပ်ရုံမှ လမ်းလျှောက်ပြန်လာသော ထယ်ယောင်းသည် ချွေးတဒီးဒီးကျနေပြီဖြစ်သည်။
" အား...သောက်ရမ်းပူလိုက်တာ..."
နဖူးပေါ်ကချွေးများကို ဖြစ်သလိုသုတ်လိုက်ပြီးနောက် လမ်းအလျှိူလေးတစ်ခုထဲ ကွေ့ဝင်လိုက်သည်။ အရိပ်မရှိဘာမရှိ လမ်းမကြီးထက်စာလျှင် တိုက်ကြိုတိုက်ကြားက လမ်းသေးသေးလေးက တော်သေး၏။ တစ်နေကုန် လူရောစိတ်ရော ပင်ပန်းထားသောကြောင့် အိမ်မြန်မြန်ပြန်ရောက်ပြီး အိမ်ရာထဲ လှဲအိပ်ပစ်ချင်ပြီ။
ရုတ်တရတ် ဝှီးခနဲ တစ်ချက်ဝေ့သွားသည့် လေအေးများကြောင့် ထယ်ယောင်း သတ်သာရာရသွားသလို၊ ထူးဆန်းသည်ဟုလည်း အနည်းငယ်ခံစားမိသည်။ အဘက်ဘက်က တိုက်များကာရံထားသည့်အတွက် လေတိုးဖို့ရာဆိုတာ ဖြစ်နိုင်ချေနည်းလှသည်။
တစ်စုံတစ်ယောက်ကစောင့်ကြည့်နေသလို ခံစားချက်ကြောင်း ထယ်ယောင်း ကြက်သီးဖြန်းခနဲထသွား၏။ နေအပူချိန်ကြောင့် ချွေးများတဒီးဒီးကျနေသော်လည်း အေးစိမ့်စိမ့်ခံစားချက်က သူ့နှလုံးသားကို ဝါးမြိုလို့လာသည်။
ထယ်ယောင်း ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည့်အခါ သူ့အနောက် ခပ်လှမ်းလှမ်းတွင် ခါးကုန်းနေသည့် အဖွားအိုတစ်ယောက်က တုန်တုန်ရီရီဖြင့် ဖြေးညှင်းစွာ လျှောက်လှမ်းလာနေ၏။
ထူးဆန်းတယ်၊ အဲအဖွားက ဘယ်ကပေါ်လာတာလဲ...
ထယ်ယောင်းသည် ထိုအဖွားကို လစ်လျူရှုဖို့ကြိုးစားရင်း ရှေ့ဆက်လျှောက်နေသော်လည်း သူ့စိတ်ထဲမလုံပေ။ နောက်ကျောဘက်တွင် ထူးဆန်းသည့်အဖွားတစ်ယောက်ရှိနေသည်ဆိုတဲ့အတွေးနှင့် ကျောချမ်းနေမိသည်။